အာဆီယံနှင့် ကိုရီးယားနိုင်ငံတို့အကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းများအတွက် ပိုမိုကောင်းမွန်သည့် မဟာဗျူဟာများ ချမှတ်ရန် ဆွေးနွေး

0
156

အာဆီယံနှင့် ကိုရီးယားနိုင်ငံတို့အကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းများကို မြှင့်တင်ရန်အတွက် ပိုမိုကောင်းမွန်သည့် မဟာဗျူဟာများ ချမှတ်လုပ်ဆောင်သွားရန် အာဆီယံ-ကိုရီးယားဗဟိုဌာန ကောင်စီဒါရိုက်တာအဖွဲ့ဝင်များ၏ (၁၆) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အာဆီယံ-ကိုရီးယားဗဟိုဌာန ကောင်စီဒါရိုက်တာအဖွဲ့ဝင်များ၏ (၁၆) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးကို ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ဖေဖေါ်ဝါရီ (၂၁) ရက်က ကျင်းပခဲ့ခြင်းဖြစ်ပြီး ယင်းအစည်းအဝေးသို့ ကိုရီးယားသမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် အာဆီယံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား အနာဂတ်ရေရှည်ဖွံ့ဖြိုးမှု၊ ကြွယ်ဝစည်ပင်မှုနှင့် အားလုံးပါဝင်နိုင်သည့် ဒေသတွင်းမိတ်ဖက်အဖွဲ့အစည်းဖြစ်လာနိုင်မှုအပေါ် ၌လည်း အလေးထားဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။

အစည်းအဝေးတွင် မြန်မာသံအမတ်ကြီးမှ အာဆီယံ-ကိုရီးယား မဟာဗျူဟာမိတ်ဖက် ဆက်ဆံရေးတွင် အောင်မြင်မှုများရရှိခဲ့သည့်အတွက် ၂၀၂၄ ခုနှစ်နှောင်းပိုင်းတွင် ကျင်းပမည့် အာဆီယံ-ကိုရီးယား ထိပ်သီးအစည်းအဝေးတွင် ဘက်စုံမဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး (Comprehensive Strategic Partnership) အဆင့်သို့ တိုးမြှင့်နိုင်တော့မည်ဖြစ်ကြောင်းနှင့် ၂၀၂၄ ခုနှစ်တွင် ကျရောက်မည့် အာဆီယံ-ကိုရီးယား ဆွေးနွေးဖက်ဆက်ဆံရေး (၃၅) နှစ်မြောက် နှစ်ပတ်လည် အခါသမယတွင် အာဆီယံနှင့် ကိုရီးယားနိုင်ငံတို့အကြား ကဏ္ဍသစ်တစ်ရပ်ကို ဖွင့်လှစ်နိုင်မည် ဖြစ်သည့်အတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် AKC အတွင်းရေးမှူးချုပ်သစ်အဖြစ် တာဝန်ထမ်းဆောင်မည့် H.E. Mr. Kim Jae-shin နှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် AKC အတွင်းရေးမှူးချုပ် H.E. Mr. Kim Hae-yong နှင့်အတူ ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ဌာန၊ အာဆီယံနှင့် အရှေ့တောင်အာရှဆိုင်ရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် Mr. Dong-bae Kim တို့လည်းတက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးအပြီး ဂုဏ်ပြုညစာစားပွဲကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (ပထမ) H.E. Kim Hong-kyun တက်ရောက်၍ အာဆီယံ-ကိုရီးယား မိတ်ဖက်ဆက်ဆံရေးတွင် AKC ၏ အရေးပါမှုနှင့် အောင်မြင်မှုများအပေါ် ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here