ပြည်ပတွင် သွားရောက် တာဝန်ထမ်းဆောင်မည့် သံတမန်များအား အဆင့်မြင့် သံတမန်ရေးရာ သင်တန်းပေး

0
143

အဆင့်မြင့်သံတမန်ရေးရာသင်တန်း အမှတ်စဉ် (၁/ ၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ဖေဖော်ဝါရီ (၂၃) ရက် နံနက် (၁၀) နာရီက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ကျင်းပခဲ့သည်။ 

အဆိုပါ သင်တန်းကို ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများတွင် သံရုံးယာယီတာဝန်ခံ၊ သံရုံးဒုတိယ အကြီးအကဲများအဖြစ် သွားရောက်တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာထမ်းများနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ သက်ဆိုင်ရာ သံမှူးများအဖြစ် တွဲဖက်တာဝန်ပေးစေလွှတ်ရန် လျာထားသည့် အရာထမ်းများအတွက်ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။ 

အဆိုပါ သင်တန်းတွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့် မျက်မှောက်ခေတ် နိုင်ငံတကာရေးရာများ၊ နိုင်ငံတကာ ဥပဒေများ၊ နိုင်ငံတော်၏စီးပွားရေးမူဝါဒနှင့် ကုန်သွယ်မှုနှင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဆိုင်ရာမူဝါဒများ၊ ကောင်စစ်ရေးရာကိစ္စရပ်များ၊ နယ်စပ်ဖြတ်ကျော် ကိစ္စရပ်များ၊ အလုပ်သမားရေးရာဆိုင်ရာကိစ္စရပ်များအပြင် ယဉ်ကျေးမှုနှင့် မီဒီယာစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးပို့ချရာတွင်ပါဝင်ခဲ့ကြောင်း သိရသည်။

အဆင့်မြင့် သံတမန်ရေးရာသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ၂၀၂၄ ခုနှစ် ဇန်နဝါရီ (၁၅)ရက်မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ (၂၃)ရက် အထိ၊ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ရက်သတ္တပတ် (၆)ပတ်ကြာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသား/သူ စုစုပေါင်း (၃၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ယနေ့ ကျင်းပသည့် သင်တန်းဆင်းပွဲ အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တက်ရောက် အမှာစကားပြောကြားခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ အငြိမ်းစားသံအမတ်ကြီးများ၊ ဝါရင့်သံတမန်များ၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများ၊ တက္ကသိုလ်များမှ ပါမောက္ခဆရာကြီး/ ဆရာမကြီးများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here