တောင်ကိုရီးယားဆေးရုံများ၌ ဆရာဝန်များဆန္ဒပြမှုအရှိန်မြင့်လာသဖြင့် အန္တရာယ်ရှိနေ

0
194

ဆိုးလ်၊ဖေဖော်ဝါရီ ၂၂

တောင်ကိုရီးယား၌ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအားမြှင့်တင်ရန် ဆေးကျောင်းဝင်ခွင့်များကို တိုးမြှင့်ပေးမည့်အစီအစဉ်အား ဆရာဝန်များက ကန့်ကွက်ဆန္ဒပြမှုကြောင့် နိုင်ငံ၏အကြီးဆုံးဆေးရုံတစ်ခုမှလွဲ၍ ကျန်ဆေးရုံများသည် အရေးပေါ်ဌာနများ၌ပင်အန္တရာယ်ရှိသည့်အနေအထားဖြစ်နေသဖြင့် အနီရောင်အဆင့်သတိပေးချက်များထုတ်ပြန်ထားရကြောင်းသိရသည်။

ယခုသီတင်းပတ်၌စတင်ခဲ့သည့် နိုင်ငံတွင်းရှိ အလုပ်သင်ဆရာဝန်များ၏ဆန္ဒပြမှုများကြောင့် ဆေးရုံသို့လာသည့်လူနာများ ပြသနိုင်ခြင်းမရှိသကဲ့သို့ လုပ်ငန်းဆောင်တာများလည်းနှောင့်နှေးနေသဖြင့် ယခုအတိုင်းဆက်ဖြစ်နေမည်ဆိုပါက ဆေးဘက်ဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှုစနစ်ကိုပါ အနှောင့်အယှက်အဟန့်အတားဖြစ်ပေါ်လာစေမည်ကို စိုးရိမ်မှုများမြင့်တက်လာလျက်ရှိသည်။

ယခုအချိန်အထိ ဆရာဝန် ၈,၄၀၀ ကျော်သည် အဆိုပါဆန္ဒပြပွဲ၌ပါဝင်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနကပြောကြားခဲ့ပြီး ၎င်းအရေအတွက်သည် တောင်ကိုရီးယားနိုင်ငံရှိ အလုပ်သင်ဆရာဝန်အားလုံး၏ ၆၄ ရာခိုင်နှုန်းနှင့်ညီမျှကြောင်းလည်းပြောကြားခဲ့သည်။

ယခုဆန္ဒပြမှုအား ဦးဆောင်သည့် ဆရာဝန်များအား ဖ-မ်းဆီးမည်ဟုအစိုးရကခြိမ်း-ခြောက်ထားခဲ့သည်။ ၎င်းတို့သည် အစိုးရ၏ဆေးကျောင်းဝင်ခွင့်ကို တိုးမြှင့်လက်ခံမည်အစီအစဉ်အား ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး အဓိကအားဖြင့် လုပ်ခလစာနှင့်လုပ်ငန်းခွင်အနေအထားများကြောင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

ဆိုးလ်မြို့တစ်မြို့တည်း၌ပင် ဆရာဝန်ပေါင်း ၃၀၀ ခန့်စုဝေးချီတက်ဆန္ဒပြခဲ့ကြပြီး ၎င်းတို့သည် သမ္မတရုံးအနားထိချီတက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြကာ ဝင်ခွင့်တိုးမြှင့်လက်ခံမည့်အစီအစဉ်အား ရပ်တန့်ပေးရန် တောင်းဆိုခဲ့ကြသည်။ အစိုးရအရာရှိများကမူ ဆရာဝန်များအနေဖြင့် ဆန္ဒပြမှုအားရပ်တန့်ပြီး လူနာများကိုသာဦးစားပေးရန်တောင်းဆိုခဲ့ကြသည်။

တောင်ကိုရီးယားနိုင်ငံသား အများစုကမူ အစိုးရ၏အစီအစဉ်အား ထောက်ခံအားပေးခဲ့ပြီး ဆရာဝန်များ၏ဆန္ဒပြမှုအပေါ် စိတ်ဆိုးခဲ့ကြကြောင်းလည်း မကြာသေးမီကပြုလုပ်ခဲ့သည့် စစ်တမ်း၏ရလဒ်အရသိရသည်။

ဆန္ဒပြဆရာဝန်များကမူ တောင်ကိုရီးယား၌ ဆရာဝန်အလုံအလောက်ရှိပြီး အစိုးရအနေဖြင့် လူသစ်များမခေါ်ထည့်မီ လက်ရှိတာဝန်ထမ်းဆောင်နေသည့် ဆရာဝန်များကိုသာ လုပ်ခလစာတိုးပေးရန်နှင့် က-လေ-းအထူးကုနှင့် အရေးပေါ်ဌာနလုပ်ငန်းခွင်များအတွက် လုပ်ငန်းခွင်ဖိအားများ လျှော့ချရန်သာလိုအပ်ကြောင်းပြောကြားခဲ့သည်။

ဆရာဝန်များ၏ဆန္ဒပြမှုများကြောင့် နှောင့်နှေးကြန့်ကြာမှုများဖြစ်ပေါ်လျက်ရှိပြီး နယ်မှလာသည့်လူမမာများသည် သက်ဆိုင်ရာဆေးရုံနှင့်အနီးဆုံး ဟိုတယ်၊မိုတယ်များ၌ တည်းခိုစောင့်ဆိုင်းနေကြရကြောင်းလည်းသိရသည်။

Source : ရိုက်တာ/အင်န်အိတ်ချ်


LEAVE A REPLY

Please enter your comment!
Please enter your name here