မူဆယ်နယ်စပ် ဆန်ကုန်သည်များ ပင်လယ်ရေကြောင်းမှတဆင့် ပြောင်းလဲတင်ပို့နေဟုဆို

0
171

ရှမ်းမြောက်တိုက်ပွဲများကြောင့် တရုတ်နှင့် ၉၀ ရာခိုင်နှုန်းကုန်သွယ်မှုပြုလုပ်နေသည့် မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ကုန်သွယ်မှုရပ်တန့်နေသည့်အတွက် ဆန်ကုန်သည်များအနေဖြင့် ပင်လယ်ရေကြောင်းမှတဆင့် ပြောင်းလဲတင်ပို့နေကြောင်း မူဆယ် ဆန်စပါးကုန်စည်ဒိုင်မှ သိရသည်။

” မိုင်းလားဘက်ကတော့ သွားလို့အဆင်မပြေဘူး။ စရိတ်စက ပိုများတယ်။ အခုပင်လယ်ရေကြောင်းကနေ တင်ပို့နေတယ်။ အခက်အခဲကတော့ ရှိတာပေါ့။ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကနေ ပို့နေကျဆိုတော့ အဆင်ပြေတယ်။မြန်တယ်။ သက်သာတယ်။ ရေကြောင်းကတော့ ရန်ကုန်ကနေတဆင့်သွားရတာဆိုတော့ စရိတ်ပိုကုန်တယ်”ဟု မူဆယ်ဆန်စပါးကုန်စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုဘဏ္ဍာနှစ်၏ ဆယ်လကျော်ကာလအတွင်း မြန်မာ- တရုတ်နယ်စပ် ကုန်သွယ်ရေးသည် ပို့ကုန်တင်ပို့မှုလျော့ကျနေပြီး သွင်းကုန်တင်သွင်းမှုမြင့်တက်လာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနမှ ဖော်ပြထားသည့် ကုန်သွယ်မှုစာရင်းများအရ သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၏ ဧပြီလ (၁) ရက်မှ ဖေဖော်ဝါရီ လ (၂) ရက်အထိ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၃ ဘီလီယံရရှိထားပြီး ပို့ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ ၁ ဒသမ ၇၉ ဘီလီယံနှင့် သွင်းကုန်တင်သွင်းမှုမှ ကန်ဒေါ်လာ ၁ ဒသမ ၀၄ ဘီလီယံ ရရှိထားကြောင်း သိရသည်။

ယခင်က နယ်မြေအေးချမ်းစဉ်က တရုတ်ဘက်သို့ မူဆယ်နယ်စပ်ကုန်သွယ်ရေးဂိတ်မှတဆင့် ဆန်၊ ဆန်ကွဲ၊ ရေထွက်ကုန်ပစ္စည်း၊ ပဲအမျိုးမျိုး၊ ရော်ဘာ၊ ကြက်သွန်နီနှင့် အခြားကုန်ပစ္စည်းများကို နေ့စဉ် ကုန်ကားအစီးရေ ၁၂၀ ဝန်းကျင် တင်ပို့ပြီး သွင်းကုန်တင်သွင်းမှုအနေဖြင့် အိမ်ဆောက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဓာတ်မြေဩဇာအစရှိသည့် ပစ္စည်းများကို တရုတ်နိုင်ငံဘက်မှ အစီးရေ ၂၀၀ ကျော် မြန်မာဘက်ခြမ်းသို့ ပြန်လည်ဝင်ရောက်မှုရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here