ချေးငွေ လုပ်ငန်းအမည်ခံကာ ပြည်သူများထံမှ ငွေကြေးအမြတ်ထုတ် လိမ်လည်နေသည့် တရားခံ (၁၃) ဦးအား Laptop (၁၃၃) လုံး၊ လက်ကိုင်ဖုန်း (၁၀)လုံး၊ မော်တော်ယာဉ် (၁) စီးနှင့်အတူ ဖ-မ်းဆီးရမိ

0
252

ငွေကြေး လိမ်လည်ခံရသူများ၏ တိုင်ကြားချက်များ၊ အခြားသတင်း အချက်အလက်များအရ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနနှင့် မှုခင်းရဲတပ်ဖွဲတို့ ပူးပေါင်း၍ စုံစမ်းဖော်ထုတ်ကာ Online ချေးငွေလုပ်ငန်း အမည်ခံကာငွေကြေးအမြတ်ထုတ် လိမ်လည်လုပ်ကိုင်နေသည့်အဖွဲ့ကိုဖ-မ်းဆီးလိုက်ကြောင်း အစိုးရကထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ (၉)ရပ်ကွက်၊ နတ်မောက်လမ်း၊ အမှတ်(၄၅၈/က) ၌ နေထိုင်သူ မဆုရည်နွယ်(ဘ)ဦးဝင်းဦးသည် အွန်လိုင်းချေးငွေကိစ္စရပ်များနှင့်ပတ်သက်၍ ဖုန်းဆက်ခြိမ်း-ခြောက်ကာ ငွေကြေးတောင်းခံမှုများ ပြုလုပ်နေကြောင်း သိရ၍၎င်းအား ဖေဖော်ဝါရီ (၁၅) ရက်တွင် လိုအပ်သည့် စစ်ဆေးဖော်ထုတ်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မဆုရည်နွယ်၏ ထွက်ဆိုချက်များအရ  Mashala Tech CO.,Ltd e Online ချေးငွေလုပ်ငန်းအမည်ဖြင့် အများပြည်သူများထံမှ ငွေကြေးအမြတ်ထုတ် လိမ်လည်လုပ်ကိုင်နေသူများအား ဖေဖော်ဝါရီ (၁၅) ရက်မှ (၂၂) ရက်အထိ ဖော်ထုတ်ဖ-မ်းဆီးခဲ့ရာ မမြတ်စန္ဒာဝင်း(ခ)စန္ဒာ အပါအဝင် စုစုပေါင်း တရားခံ (၁၄) ဦးအား ၎င်းတို့လိမ်လည်ရာတွင် အသုံးပြုသည့် ပစ္စည်းများဖြစ်သည့် Laptop ၁၃၃ လုံး၊ လက်ကိုင်ဖုန်း (၁၀) လုံး၊ မော်တော်ယာဉ် (၁) စီးတို့နှင့်အတူ ဖ-မ်းဆီးရမိခဲ့ကြောင်း သိရသည်။

စိစစ်ချက်များအရ အထက်ပါ Mashala Tech CO.,Ltd အား ဦးဇေယျာမင်း (ဘ) ဦးအောင်မင်း တစ်ဦးတည်းအမည်ဖြင့် မှတ်ပုံတင်ထားသော်လည်း အမှန်တကယ် လုပ်ငန်းလုပ်ကိုင်နေသူမှာ တရုတ်နိုင်ငံသား Mr. Yu Lin feng (ခ) Willian ဖြစ်ကာ ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်း၊ အမှတ် (၄၄/၅၆) MMG Tower၊ (၆)လွှာ၊ အခန်း (၆၀၄) တွင် ဖွင့်လှစ်ထားရှိကာ စုစုပေါင်း (၉၁) ဦး တို့ဖြင့်ဖွဲ့စည်းထားကြောင်း Mr. Yu Linfeng သည် ဇန်နဝါရီ (၅) ရက်၌ ကမ္ဘောဒီးယား နိုင်ငံသို့ ထွက်ခွာသွားရာမှ မြန်မာ နိုင်ငံသို့ ပြန်လည်ဝင်ရောက်ခြင်းမရှိသေးကြောင်း သိရသည်။

Mashala Tech CO.,Ltd သည်  Morning Cash, Smile Loan, I Cash Loop, WA Wallet, PK Cash,  AJ Cash,  Morning Wallet, Sky Cash, Happy Cash, Sun Bag, Zuri Loan & Quick Cash စသည့်အမည်များဖြင့် App များအား အများပြည်သူ မြင်သာနိုင်ရန် Wave Money Application တွင် ထည့်သွင်း ကြော်ငြာပြီး လိမ်ညာခြင်းဖြစ်ကြောင်း သိရသည်။

ချေးငွေရယူလိုသူများအနေဖြင့် အဆိုပါ Application များကို Install ပြုလုပ်ပြီး ယင်းတို့၏ စေခိုင်းချက်များအတိုင်း ပြုလုပ်ပြီးပါက ဖုန်းအတွင်းရှိ ဖုန်း Contact များအားလုံးကို Application က တရားမဝင် ရရှိသွားပြီး ချေးငွေရယူလိုသူများ ချေးယူသည့် ငွေပမာဏ၏ ၃၀ ရာခိုင်နှုန်းကို အတိုးအဖြစ်ဖြတ်တောက်၍ KBZ Pay/ Wave Pay မှတဆင့် လွှဲပြောင်းပေးကာ ချေးယူငွေများအား တစ်ပတ်အတွင်း ပြန်လည်ပေးဆပ်စေကြောင်း သိရသည်။

တစ်ပတ်ပြည့်ပါက ချေးငွေကုမ္ပဏီဝန်ထမ်းများသည် ချေးငွေရယူထားသူများအား ဖုန်းဖြင့်ခေါ်ဆိုခြင်း၊ Viber သိုမဟုတ် SMS မှတဆင့် ချေးငွေပေးဆပ်ရန် ဆက်သွယ်တောင်းဆိုခြင်းများ ပြုလုပ်ပြီး ချေးငွေ ပြန်လည်ပေးဆပ်ခြင်း မရှိသူများနှင့် ၎င်းဖုန်းအတွင်းမှ Contact Person များကို ဖုန်းဖြင့် ဆက်သွယ်၍ ဆဲဆိုခြင်း၊ ခြိမ်-းခြောက်ခြင်းများ ပြုလုပ်သည့်အပြင် လူမှုကွန်ရက်စာမျက်နှာများတွင် အရှက်တကွဲဖြစ်စေရန် ခြိမ်-းခြောက်ပြောဆိုခြင်းများ ပြုလုပ်ကြောင်း သိရသည်။

“ သူတို့ အခုလိုအဖ-မ်းခံရတယ် သတင်းကြားလို့ ဝမ်းသာပါတယ်၊ အစ်မလည်း အဲဒီလိုဖြစ်ဖူးသလို အစ်မသူငယ်ချင်းတွေလည်း ဖြစ်ဖူးတယ်၊ သူတို့ပေးတဲ့ ငွေကနည်းနည်း အစ်မတို့ပြန်ပေးရတာက မတန်တဆကြီးလေ။ မချေးထားတဲ့ ပိုက်ဆံတွေပါတောင်းတယ်၊၊ သူတို့က အစ်မကို တင်မက အစ်မဖုန်းထဲမှာရှိတဲ့ တွေ့သမျှဖုန်းနံပါတ်တွေကို ဆဲဆိုခြိမ်-းခြောက်တာ။ အစကတော့ အစ်မလည်းကြောက်တော့ သူတို့တောင်းသလောက်ပေးတာပေါ့။ နောက်တော့မပေးနိုင်တဲ့ အခါကျမှ အခုလိုဖြစ်ထားတယ်ဆိုတာ မိတ်ဆွေသူငယ်ချင်းတွေကို အသိပေးလိုက်တယ်။ ဒီဖုန်းနံပါတ်တွေနဲ့ ဆက်ရင်မကိုင်ဖို့ ပြောရတယ်။ အစ်မဖုန်းကိုလည်း SIM Card ထုတ်ထားလိုက်ရတယ်။ အကြံ ပေးချင်တာက အဲဒီလိုမျိုးကြုံရရင် သွေးမပူဘဲ အေးဆေးဖြေရှင်းဖို့ပါ။ သူတို့တောင်းတိုင်းလည်းပေးစရာမလိုပါဘူး။ သူတို့အများဆုံးဖုန်းဆက် ဆဲဆိုခြိမ်-းခြောက်တာကလည်း တစ်ပတ်လောက်ပါပဲ။ မရတော့ဘူးထင်ရင် သူတို့ ထပ်မဆက်တော့ပါဘူး။ လိမ်ဖို့ လက်လျော့လိုက်တဲ့သဘောပေါ့ ” ဟု ငွေကြေးလိမ်လည်ခံခဲ့ရဖူးသည့် သန်လျင်မြို့နယ်နေ မပန်းဖြူ (အမည်လွှဲ) က ၎င်း၏ အတွေ့ အကြုံကို ပြောပြသည်။

မိဘပြည်သူများ အနေဖြင့် မိမိတို့ပတ်ဝန်းကျင်တွင် အထက်ပါဖြစ်စဉ်များကဲ့သို ငွေကြေးနှင့် ပတ်သက်သည့် မသင်္ကာဖွယ်ရာ အပြုအမူများနှင့် လိမ်လည်မှု ဆောင်ရွက်နေသည်ဟု ယူဆရမှုများအား တွေ့ရှိရပါက တာဝန်ရှိသူ များထံသို အမြန်ဆုံး အကြောင်း ကြားခြင်းဖြင့် ပူးပေါင်းပါဝင် တိုက်ဖျက်ကြရန်နှင့် ငွေကြေးလိမ်လည်မှုဖြစ်စဉ်များနှင့် ပတ်သက်၍ သတိပြုနိုင်ရန် နစက က အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here