ငွေဆောင်ကမ်းခြေသို့ ၂၀၂၃ ခုနှစ်အတွင်း ပြည်တွင်းပြည်ပခရီးသွား ၄ သိန်းကျော် ဝင်ရောက်ခဲ့

0
160

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်အတွင်းရှိ ငွေဆောင်ကမ်းခြေသို့ ၂ဝ၂၃ ခုနှစ်အတွင်း ပြည်တွင်းပြည်ပခရီးသွားဧည့်သည် (၄) သိန်းကျော် ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ငွေဆောင်ကမ်းခြေသို့ ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်ဝင်ရောက်မှုအနေဖြင့် ဇန်နဝါရီလတွင် ၄၄၄၉၇ ဦး၊ ဖေဖော်ဝါရီလတွင် ၃၃၄၂ဝ ဦး၊ မတ်လတွင် ၅၅၇၅ဝ ဦး၊ ဧပြီလတွင် ၅၉၉ဝ၆ ဦး၊ မေလတွင် ၃၄၇၉၂ ဦး၊ ဇွန်လတွင် ၁၇၅၃၂ ဦး ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဇူလိုင်လတွင် ၁၄ဝ၄၁ ဦး၊ ဩဂုတ်လတွင် ၁၂၅၄၇ ဦး၊ စက်တင်ဘာလတွင် ၁၈၉၂ဝ ဦး၊ အောက်တိုဘာလတွင် ၃၇၆၃၉ ဦး၊ နိုဝင်ဘာလတွင် ၃၇၁၈၂ ဦး၊ ဒီဇင်ဘာလတွင် ၄၂၁၁ဝ ဦး စုစုပေါင်း ၄ဝ၈၃၃၆ ဦး ထပ်မံဝင်ရောက်ခဲ့ကြောင်း သိရသည်။

ငွေဆောင်ကမ်းခြေသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ အနောက်ဘက် ၄၈ ကီလိုမီတာအကွာတွင် တည်ရှိပြီး ရန်ကုန်မြို့မှ မော်တော်ယာဉ်ဖြင့် သွားမည်ဆိုပါက ငါးနာရီကြာချိန်ရှိသည်။

ငွေဆောင်ကမ်းခြေသည် ၁၅ ကီလိုမီတာ ကျယ်ဝန်းပြီး မြန်မာနိုင်ငံရှိ အကောင်းဆုံးကမ်းခြေများတွင် တစ်ခုအပါအဝင်ဖြစ်သည့်အတွက် ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ နှစ်သက်သဘောကျသည့် ကမ်းခြေတစ်ခုလည်း ဖြစ်သည်။

ငွေဆောင်ကမ်းခြေနှင့် မနီးမဝေးတွင် ငှက်ကျွန်း၊ လိပ်ကျွန်း၊ ကျွန်းလျားရှည်၊ ချစ်သူများကျွန်းတို့ရှိပြီး ငှက်ကျွန်းတွင် ဇီဝဇိုးငှက်များ နေထိုင်ကျက်စားကြသည်။

ထို့ပြင် ငွေဆောင်ကမ်းခြေအနီးရှိ ချစ်သူများကျွန်းတွင် နေဝင်ဆည်းဆာအလှကရင်သပ်ရူမောဖွယ်ဖြစ်ခြင်း၊ ရေကူးခြင်း၊ ရေငုပ်ခြင်းနှင့် ရေကြည်သဖြင့် ရေအောက်ဓာတ်ပုံရိုက်ကူးခြင်းများလုပ်နိုင်သည်။

အဆိုပါ ကမ်းခြေသို့ မိသားစုများ၊ အသင်းအဖွဲ့များ၊ ကုမ္ပဏီများ၊ သူငယ်ချင်းအုပ်စုများ စသည်ဖြင့် လာရောက်လည်ပတ် အနားယူမှုများရှိသကဲ့သို့ စနေ၊ တနင်္ဂနွေနှင့်အခါ ကြီးရက်ကြီး ရုံးပိတ်ရက်များတွင် နေ့ချင်းပြန် လာရောက်အပန်းဖြေသူများလည်းရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here