မတူညီတဲ့အရာဝတ္ထုပေါင်း ၁၂၀ ကို မှန်ကန်အောင် ရွေးထုတ်ပြပြီး ကမ္ဘာ့စံချိန်တင်ခဲ့တဲ့ ၄ လသားအရွယ်ကလေးငယ်

0
163

ဗီဂျေးဝါဒါ၊ဖေဖော်ဝါရီ ၂၃

အိန္ဒိယနိုင်ငံမှ လသားအရွယ်သာရှိသေးသည့် ကလေးငယ်တစ်ဦးသည် အရာဝတ္တုပေါင်း ၁၂၀ အား မှန်ကန်စွာရွေးထုတ်ပြနိုင်ပြီး ကမ္ဘာ့စံချိန်တင်နိုင်ခဲ့ကာ လူအများအားအံ့အားသင့်‌စေခဲ့သည်ဟု အိန္ဒိယသတင်းများတွင်ဖော်ပြထားသည်။

အသက် ၄ လအရွယ်သာရှိသေးသည့် အဆိုပါကလေးငယ်သည် ဟင်းသီးဟင်းရွက်နှင့်တိရစ္ဆာန်များအပါအဝင် အရာဝတ္ထုပေါင်း ၁၂၀ အား ရွေးထုတ်ပြနိုင်ခဲ့သည့်အတွက် Noble World Records စံချိန်ချိုးခဲ့ခြင်းလည်းဖြစ်သည်။

ကိုင်ဗယ်ရာအမည်ရှိ အဆိုပါကလေးငယ်သည် မတူညီသည့်အရာဝတ္တုပေါင်း ၁၂၀ ကျော်ကို မှန်ကန်အောင်ခွဲခြားပြနိုင်သည့် ကမ္ဘာ့အသက်အငယ်ဆုံးကလေးအဖြစ်စံချိန်တင်နိုင်ခဲ့သည်။အသက် ၄လအရွယ် သာရှိသေး‌သော်လည်း ကိုင်ဗယ်ရာလေးသည် ပန်း ၁၂ ပွင့်၊ဟင်းသီးဟင်းရွက် ၂၇ မျိုး၊သစ်သီး ၂၇ ခု၊ တိရစ္ဆာန် ၂၇ ကောင်နှင့် ငှက် ၂၇ ကောင်တို့ကို ကတ်ပြားများပြလိုက်သည်နှင့်ရွေးပြနိုင်စွမ်းရှိသည်ဟုလည်းဖော်ပြထားသည်။

ကလေးငယ်ရဲ့မိခင်ဖြစ်သူက သမီးဖြစ်သူ၏ထူးခြားသည့် စွမ်းရည်များကိုသတိထားမိခဲ့ပြီးနောက် သမီးငယ်ဖြစ်သူ၏စွမ်းဆောင်ရည်နှင့်ပတ်သက်သည့်အချက်လက်များကို Noble World Records ထံပေးပို့ခဲ့ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

၎င်းက “ကျွန်မနဲ့ခင်ပွန်းသည် ရာမက်စ်တို့က ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာလက်ထပ်ခဲ့တာပါ၊၂၀၂၃ ခုနှစ် စက်တင်ဘာလမှာ သမီးငယ် ကိုင်ဗယ်ရာကိုမွေးဖွားခဲ့ပါတယ်။ကျွန်မဟာ သမီးငယ်ကိုမွေးပြီးနောက် ၂ လအကြာမှာပဲ အနက်ရောင်နဲ့အဖြူရောင်ကတ်ကလေးတွေကိုစတင်ပြသခဲ့ပါတယ်။အဲဒီအချိန်မှာ သမီးငယ်လေးဟာ အာရုံထွေပြားမှုမရှိဘဲ ပြသတဲ့အရာတွေကို အာရုံစူးစိုက်မှုအပြည့်နဲ့ ကြည့်နေခဲ့တာကိုသတိထားမိခဲ့ပါတယ်။အဲ့ဒီကစလို့ သမီးငယ်ရဲ့အံအားသင့်ဖွယ်ကောင်းတဲ့ အရည်သွေးတွေကို သိရှိလာခဲ့တာပါ” ဟုလည်းပြောကြားခဲ့သည်။

ဆက်လက်၍ ၎င်းက “သမီးငယ်သုံးလတည်းဝင်လာတဲ့အချိန်မှာ ပန်း၊သစ်သီး၊ဟင်းသီးဟင်းရွက်နဲ့ တိရစ္ဆာန်ဆိုပြီး သက်ဆိုင်ရာအုပ်စုအလိုက်ပြုလုပ်ထားတဲ့ရောင်စုံကတ်လေးတွေကို တစ်နေ့သုံးမိနစ်နဲ့တစ်လလောက်ပြသပေးခဲ့ပါတယ်၊ကလေးငယ်လေးလပြည့်ပြီးတဲ့အချိန် ကျွန်မပြန်စမ်းသပ်ကြည့်တော့ မယုံနိုင်လောက်အောင် သမီးငယ်က အရာဝတ္ထုတွေကိုခွဲခြားနိုင်နေတာပါ” ဟုလည်းဆိုခဲ့သည်။

ကိုင်ဗယ်ရာလေးအား ကမ္ဘာ့စံချိန်တင်က‌လေးငယ်အဖြစ်ရွေးချယ်ခဲ့သည့် Noble World Records အဖွဲ့သည် ကမ္ဘာ့ဂင်းနစ်စံချိန် လေ့လာစောင့်ကြည့်ရေးအဖွဲ့ပြီးပါက ကမ္ဘာပေါ်ရှိ စံချိန်မှတ်တမ်းများနှင့်ပတ်သက်၍ လေ့လာစောင့်ကြည့်သည့် ဒုတိယအကြီးဆုံးအဖွဲ့လည်းဖြစ်သည်။

Source : The New Indian Express


LEAVE A REPLY

Please enter your comment!
Please enter your name here