ကော့သောင်းမြို့ မြန်မာ့ပင်လယ်ပြင်တွင် မလေးရှားနိုင်ငံ ရေပိုင်နက်သို့သယ်ဆောင်မည့် ငွေကျပ် ၄၅ ဒသမ ၄၃ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) များ ဖမ်းဆီးရမိ

0
175

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၏ အနောက်မြောက်ဘက် ၁၉၃ မိုင်ခန့်အကွာ ပင်လယ်ပြင်၌ မလေးရှားနိုင်ငံ ရေပိုင်နက်သို့သယ်ဆောင်မည့် ငွေကျပ် ၄၅ ဒသမ ၄၃ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ၂၉၈ တန် ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

တပ်မတော်(ရေ)မှ ဖေဖော်ဝါရီလ ၁၇ ရက် ည ၉ နာရီအချိန်ခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၏ အနောက်မြောက်ဘက် ၁၉၃ မိုင်ခန့်အကွာ၊ ပင်လယ်ပြင်၌ “မင်းထက်သာ-၃”အမည်ရှိ စက်လှေအား သတင်းအရရှာဖွေရာ စက်လှေပေါ်မှ ငြိမ်းချမ်းလွင်၊ ကျော်လင်းထွန်း(ခ)ကျော်ကြီး၊ လှမြင့်ထွန်းနှင့် ရဲကျော်သူ(ခ)ကိုရဲတို့ ၄ ဦးအား ဒေသကာလတန်ဖိုးငွေကျပ် ၄၅ ဒသမ ၄၃ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၂၉၈ တန်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ပြီး ရန်ကုန်မြစ်ဝမှတစ်ဆင့် ပင်လယ်ရေကြောင်းအသုံးပြု၍ မလေးရှားနိုင်ငံ ရေပိုင်နက်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။လက်ရှိအချိန်တွင် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

တပ်မတော် (ရေ) သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်မှ ဖေဖော်ဝါရီလ ၁၆ ရက်အတွင်းက မလေးရှားနိုင်ငံရေပိုင်နက်သို့ မူးယစ်ဆေးဝါးများသယ်ဆောင်မည့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲအား ငွေကျပ် ၄၅ ဒသမ ၂၈ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၅ တန်၊ လက်နက်/ခဲယမ်းများ၊ ထိန်းချုပ်ဓာတုပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here