ရောမ၊ဖေဖော်ဝါရီ ၂၅
G – 7 နိုင်ငံများသည် ယူကရိန်းကို ဆက်လက်ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်းနှင့် ရုရှားကို ထပ်မံ ပိတ်ဆို့ဒဏ်ခတ်သွားမည်ဖြစ်ကြောင်း အွန်လိုင်းမှပြုလုပ်သည့် ထိပ်သီးအစည်းအဝေးတွင် ကတိပြုခဲ့ကြသည်။
ယူကရိန်းသမ္မတဇလန်းစကီးလည်းတက်ရောက်ခဲ့သည့် အဆိုပါအစည်းအဝေးအပြီး ကြေငြာချက်တွင်လည်း G – 7 ထိပ်သီးခေါင်းဆောင်များသည် ယူကရိန်းအတွက် ရုရှားစစ်ပွဲ၌ကုန်ကျမည့်စရိတ်ကိုပါမြှင့်တင်ပေးအပ်သွားမည်ဟုကတိပြုခဲ့ကြသည်။
G – 7 ထိပ်သီးခေါင်းဆောင်များသည် ယူကရိန်းအတွက် စစ်ရေးအကူအညီနှင့်ပတ်သက်သည်များကို တရားဝင်ထုတ်ပြန်ကြေငြာခြင်းမပြုခဲ့သော်လည်း ၂၀၂၄ ခုနှစ်အတွက် ကျန်ရှိနေသည့်ယူကရိန်းဘဏ္ဍာငွေကွာဟချက်အားကာမိစေမည့် ထပ်လောင်းအကူအညီရနိုင်ရန်အတွက်ကိုမူတိုက်တွန်းခဲ့သည်။
အမေရိက၊ဂျပန်၊ဂျာမနီ၊ပြင်သစ်၊ဗြိတိန်၊အီတလီနှင့် ကနေဒါတို့ပါဝင်သည့် G – 7 အဖွဲ့ကမူ ၎င်းတို့အနေဖြင့် “ရုရှားနှင့်စစ်ပွဲကုန်ကျစရိတ် ထောက်ပံ့မှုအားဆက်လက်မြှင့်တင်ကာ ရုရှား၏ဝင်ငွေရင်းမြစ်များကို ကျဆင်းစေပြီး စစ်အင်အားတည်ဆောက်ရန်ကြိုးပမ်းမှုများကိုပါဟန့်တားသွားမည်” ဟုလည်းပြောကြားခဲ့သည်။
၎င်းတို့သည် ရုရှားသို့စစ်ရေးအကူအညီကို ရပ်တန့်ရန် အီရန်အားတောင်းဆိုခဲ့ပြီး တရုတ်စီးပွားရေးလုပ်ငန်းများမှ လက်နက်အစိတ်အပိုင်းများ၊စစ်သုံးပစ္စည်းများလွှဲပြောင်းပေးခြင်းနှင့်ပတ်သက်၍လည်းစိုးရိမ်မိကြောင်းထုတ်ဖော်ပြောကြားခဲ့ကြသည်။
ယင်းနောက် ရုရှားအတိုက်အခံခေါင်းဆောင် နာဗယ်လ်နီ၏ေ-သဆုံးမှုနှင့်ပတ်သက်၍လည်း ရုရှားအာဏာပိုင်များအနေဖြင့် အခြေအနေမှန်အားထုတ်ပြန်ကြေငြာရန်ကိုပါတောင်းဆိုခဲ့ကြသည်။
ယခုကျင်းပသည့် G – 7 ထိပ်သီးအစည်းအဝေးကို အီတလီက ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ယူကရိန်းသမ္မတဇလန်းစကီးသည် ယခုအစည်းအဝေး၌ စစ်ရေးအကူအညီများလည်းထပ်မံတောင်းဆိုခဲ့ကြောင်းသိရသည်။
Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်