နေပြည်တော်အတွင်း တရားမဝင်ကုန်ပစ္စည်းများကို စစ်ဆေးဖော်ထုတ် အရေးယူရန် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ပြောကြား

0
156

နေပြည်တော်အတွင်း တရားမဝင်ကုန်ပစ္စည်းများကို စဉ်ဆက်မပြတ် စစ်ဆေးဖော်ထုတ်ပြီး ဥပဒေနှင့်အညီ အရေးယူနိုင်ရေး အလေးထားကြပ်မတ်ဆောင်ရွက်စေလိုကြောင်း နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြောသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း တရားမဝင် ကုန်သွယ်ရေးလုပ်ငန်းများမရှိစေရေးနှင့် ကုန်ဈေးနှုန်း တည်ငြိမ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ (၂၃) ရက်က နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ ၌ ကျင်းပရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြကြောင်း သိရသည်။

နေပြည်တော်အတွင်း တရားမဝင် ကုန်သွယ်မှု မရှိစေရေး၊ တာဝန်ကျဝန်ထမ်းများအနေဖြင့် ဝန်ထမ်းစည်းကမ်း၊ ဝန်ထမ်းကျင့်ဝတ်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပြီး တရားမဝင် လုပ်ငန်းများကို တားဆီးကာကွယ်ဆောင်ရွက်နေသည့်အပြင် တရားဝင်လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်းကြရမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ပြီး အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ကုန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် အခြေခံ စားသောက်ကုန်များ၏ ကုန်ဈေးနှုန်းတည်ငြိမ်ရေးအပြင် ဈေးကွက်အတွင်းလိုအပ်သည့် ထုတ်ကုန်များအတွက် ပြည်ပမှတင်သွင်းမှုများအစား ဒေသတွင်းစက်မှုထုတ်ကုန်များ MSME ထုတ်ကုန်များဖြင့် အစားထိုးနိုင်ရေး ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ဆက်လက် ပြောကြားသည်။ 

ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်အတွင်း တရားမဝင်ကုန်သွယ်ရေး လုပ်ငန်းများမရှိစေရေးအတွက် ဆောင်ရွက်နေမှုအ‌ခြေအနေများ၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေးလုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးရှင်းလင်းခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here