အမေရိကနှင့်ဗြိတိန်တပ်ဖွဲ့များက ဟူသီသူပုန်များကို ထပ်မံတိုက်ခိုက်

0
179

ဝါရှင်တန်၊ဖေဖော်ဝါရီ ၂၅

အမေရိကနှင့်ဗြိတိန်တပ်ဖွဲ့များသည် ယီမင်ရှိ ဟူသီပစ်မှတ်တစ်ဒါဇင်ကျော်အား ဖေဖော်ဝါရီ ၂၄ ရက် တွင်တိုက်ခိုက်ခဲ့ကြောင်းသိရပြီး ဒေသတွင်းသင်္ဘောများအားဆက်လက်တိုက်ခိုက်နေသည့် အီရန်နှင့် ဆက်နွှယ်နေသည့်ဟူသီအဖွဲ့အား နောက်ဆုံးအကြိမ် စစ်ရေးအရအရေးယူခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။

ယီမင်ရှိ ထင်ရှားသည့်နေရာအတော်များများကို ထိန်းချုပ်ထားပြီး ပါလက်စတိုင်းပြည်သူများနှင့်တသားတည်းဖြစ်‌ကြောင်းပြသလိုသည့်အတွက် တိုက်ခိုက်မှုများပြုလုပ်နေသည့် ဟူသီသူပုန်များအား အမေရိကသည် နေ့စဉ်နီးပါးတိုက်ခိုက်လျက်ရှိသည်။

ဟူသီသူပုန်များ၏ ပင်လယ်နီအတွင်းတိုက်ခိုက်မှုများကြောင့် ကမ္ဘာ့ကုန်သွယ်ရေးကို အနှောင့်အယှက်ဖြစ်စေသကဲ့သို့ ကုန်သွယ်မှုကုန်ကျစရိတ်များကိုပါမြင့်တက်လာစေခဲ့သည်။

ယခုတိုက်ခိုက်မှုတွင် လက်နက်သိုလှောင်ရုံများ၊ တိုက်ခိုက်ရေးဒရုန်းများ၊လေကြောင်းရန်ကာကွယ်ရေးစနစ်များ၊ရေဒါများနှင့် ရဟတ်ယာဉ်များအပါအဝင် ယီမင်မှတည်နေရာရှစ်ခုရှိ ဟူသီတို့၏ပစ်မှတ် ၁၈ ခုအား အတိအကျပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟု အမေရိကနှင့်ဗြိတိန်တို့၏ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒေသတွင်းသင်္ဘောများကို ဟူသီသူပုန်များ စတင်တိုက်ခိုက်ချိန်မှစ၍ယခုတိုက်ခိုက်မှုအထိ သြစတြေးလျ၊ဘာရိန်း၊ဒိန်းမတ်၊ကနေဒါ၊နယ်သာလန်နှင့် နူးဇီလန်တို့က ပူးတွဲလက်မှတ်ရေးထိုးခဲ့ပြီး အမေရိကနှင့်ဗြိတိန်တို့အား ထောက်ခံမှုပြသခဲ့ကြသည်။

“ဟူသီသူပုန်တွေဟာ နိုဝင်ဘာလလယ်ကတည်းက ကုန်သွယ်သင်္ဘောတွေနဲ့ရေတပ်သင်္ဘောတွေကို တိုက်ခိုက်မှု ၄၅ ကြိမ်ထက်မနည်းပြုလုပ်ခဲ့ပြီး ကမ္ဘာ့စီးပွားရေးအပြင် ဒေသတွင်းလုံခြုံရေးနဲ့တည်ငြိမ်ရေးကိုပါခြိမ်းခြောက်နေတာကြောင့် အခုလိုနိုင်ငံတကာရဲ့ တုံ့ပြန်မှုကိုလိုအပ်လို့တောင်းဆိုတာပါ” ဟုလည်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ကမူ ယခုကဲ့သိုသောတိုက်ခိုက်မှုများသည် အီရန် ကျောထောက်နောက်ခံပြု ဟူသီသူပုန်များ၏စစ်ရေးစွမ်းအင်အား ကို လျှော့ချရန်နှင့် ကမ္ဘာ့ကုန်သွယ်ရေးနှင့် ဒေသတွင်းတည်ငြိမ်ရေးတို့ကိုထိပါးခြင်း၏ နောက်ဆက်တွဲအကျိုးရလဒ်အား ဟူသီတို့ကိုသိစေလိုခြင်းဖြစ်ကြောင်းပါဆိုခဲ့သည်။

Source : စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here