ပို့ကုန်ကုန်စည်အမယ်အသစ်များ ရှာဖွေ၍ ပိုမိုတင်ပို့ရန် ပြည်ထောင်စုဝန်ကြီး ပြောကြား

0
132

လက်ရှိတွင် ဈေးကွက်ရရှိပြီးသော နိုင်ငံများသို့ ပို့ကုန်ပိုမိုတင်ပို့နိုင်ရေး၊ ပို့ကုန်ကုန်စည် အမယ်အသစ်များ ရှာဖွေ၍ ပိုမိုတင်ပို့နိုင်ရေးကို အလေးထားဆောင်ရွက်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက တိုက်တွန်းလိုက်သည်။

တာချီလိတ်မြို့ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်း၌ One – Stop – Service(OSS)အဖွဲ့များ၊ ကုန်သည်အသင်းများမှ တာဝန်ရှိသူများ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ်ကုန်သွယ်မှုတိုးမြှင့်နိုင်ရေး ဆောင်ရွက်နေသည့်အစီအမံများအပေါ်အခြေခံ၍ ပို့ကုန်ကဏ္ဍ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေးအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက ကုန်သွယ်မှုတိုးမြှင့်နိုင်ရေး ဆောင်ရွက်နေသည့် အစီအမံများအပေါ်အခြေခံ၍ ပို့ကုန်ကဏ္ဍ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေး အလေးထားဆောင်ရွက်ကြရန် ကုန်သွယ်မှုလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး၊ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးနှင့် မှန်ကန်မြန်ဆန်စေရေး OSS အဖွဲ့တွင် ပါဝင်ဆောင်ရွက်နေသည့် ဌာနများနှင့် ကုန်သည်အသင်းအဖွဲ့များ ပေါင်းစပ်၍ ဆောင်ရွက်ကြရန် ၎င်းကပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့အဝင်ရှိ ကျိုင်းဖောင်း ကုန်ပစ္စည်းစစ်ဆေး ရေးဂိတ်နှင့် ကျိုင်းတုံမြို့အထွက်ရှိ နောင်နွမ်းကုန်ပစ္စည်း စစ်ဆေးရေးဂိတ်များသို့ သွားရောက်၍ ကုန်သွယ်မှုလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုနှင့် ပို့ကုန်ကုန်တင်ယာဉ်များ စစ်ဆေးနေမှုတို့ကို ကြည့်ရှုစစ် ဆေးပြီး မိမိနိုင်ငံမှ တင်ပို့သည့် ကုန်ပစ္စည်းများ စံချိန်စံညွှန်းမီဖြစ်စေရေး၊ မှန်ကန်သည့် ကုန်သွယ်မှုဖြစ်စေရေးနှင့် ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေး အလေးထားရန် မှာကြားခဲ့သည်။

ထို့အပြင် နည်းပညာအရ ဆောင်ရွက်သည့် QR code စနစ်အတိုင်း တိကျစွာ စိစစ်မှတ်တမ်းတင်ရေးနှင့် လုပ်ငန်းများကို အဂတိကင်းရှင်းစွာဖြင့် သတ်မှတ်လုပ်ထုံးလုပ်နည်းများအတိုင်း စနစ်တကျကြပ်မတ်ဆောင်ရွက်ရေးတို့ကိုလည်း မှာကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here