တပို့တွဲမှာနွှဲပျော်ကြတဲ့ထမနဲပွဲတော်

0
237
This photo taken on January 29, 2020 shows volunteers cooking glutinous rice during the annual Htamane Festival in Yangon. The traditional htamane making festival in Myanmar is celebrated around the full moon day of Tabodwe, the season when farmers begin their harvest and set aside their crop as religious offering in the form of glutinous rice delicacy that is also shared in the community. (Photo by Ye Aung THU / AFP)

လူမျိုးစုတိုင်းမှာ ယုံကြည်ရာ အားထားရာ ဓလေ့ကောင်းများ ရိုးရာ ယဉ်ကျေးမှုများ ရှိတတ်ကြလေသည်။ ထိုအစဉ်လာဓလေ့ ထုံးတမ်းများသည် နေထိုင်ရာ ဒေသ နိုင်ငံ၏ အလှပုံရိပ် တစ်စိတ်တစ်ဒေသပင် ဖြစ်ပေသည်။

မြန်မာလူမျိုးများနှင့် မြန်မာ့ဓလေ့

မြန်မာလူမျိုးများ နေထိုင်ရာ မြန်မာနိုင်ငံသည် ပုဂံခေတ် အနော်ရထာမင်းနှင့် အရှင်အရဟံမထေရ်တို့၏ ကျေးဇူးတော်ကြောင့် မြတ်ဗုဒ္ဓ၏ အဆုံးအမ တရားတော် အရိပ်အငွေ့သက်များ ကြီးစိုးမှုအောက်မှာ ရှင်သန်လာခဲ့သည်ဖြစ်၍ မြန်မာ့ဓလေ့များသည် ဗုဒ္ဓ၏ တရားတော်များနှင့် ဆက်နွယ်လျှက် ရှိကြသည်။

မြန်မာလ (၁၂)လရှိရာ ထို ( ၁၂) လလုံးမှာပင် တန်ခူးလ-သင်္ကြန်ပွဲ၊ကဆုန်လ-ညောင်ရေသွန်းပွဲ၊ နယုန်လ-စာတော်ပြန်ပွဲ စသည်ဖြင့် အထင်ကရ ပွဲတော် တမျိုးစီရှိကြသည်။

တပို့တွဲလ- ထမနဲပွဲတော်

တပို့တွဲလသည် မြန်မာပြက္ခဒိန်အရ (၁၁) လမြောက်ဖြစ်ပြီး ရက်မစုံသောလလည်းဖြစ်သည်၊ တပို့တွဲလသည် အအေးပိုသောလဖြစ်သည်၊
ဗုဒ္ဓစာပေအရ မြန်မာပြက္ခဒိန်အလို တပို့တွဲလပြည့်ကျော် (၁၁-ရက်မှ တပေါင်းလဆန်း ၄-ရက်အထိ)
အိန္ဒိယပြက္ခဒိန်အလို-တပိုတွဲလဆန်း ( ၁၂) ရက်မှ တပေါင်းလဆန်း (၄ ) ရက်အထိကို  ကြား(၈) ရက်ကို အန္တရဋ္ဌက ကာလ (တပို့တွဲလနှင့် တပေါင်းလ အကြားကာလ) ဟု စာပေ၌ ဆိုသည်။
(အိန္ဒိယနိုင်ငံထုတ် ပြက္ခဒိန်များအရ လပြည့်ကျော်/လဆုပ် ၁-ရက်သည် လဆန်း ၁-ရက်ဖြစ်၍ လပြည့်နေ့သည် တစ်လပြည့်သောနေ့ ရက်ပေါင်း ၃၀ ပြည့်၍ လကွယ်နေ့ဖြစ်သည်  )

ဘုရားရှင်သည် ထိုကာလတွင် ဉဉ့်ဦးယာမ်မှ မိုးသော်ယာမ်အထိ အအေးဓာတ်ကို စမ်းခဲ့လေသည်၊ ထိုအအေးဓာတ်ကို တွက်ဆ၍ ရဟန်းတော်တို့အား နှစ်ထပ်သင်္ကန်း အပါဝင် သင်္ကန်းသုံးထည် ခွင့်ပြုတော်မူခဲ့သည်။

အအေးဆုံးသော ထိုကာလဖြစ်သည့် တပို့တွဲလတွင် ဘုရားရှင်အား နံ့သာတုံးများဖြင့်လည်း နံ့သာမီးပူဇော်ပွဲကျင်းပလေ့ရှိကြသည်။ ဓါတ်အာဟာရအဖြစ်လည်း ထမနဲတွင်ပါဝင်ပစ္စည်းများက ခန္ဓာနွေးစေသည်ဟုခံစားရသည်။

ထမနဲပွဲတော်စတင်ဖြစ်ပေါ်လာခြင်းအကြောင်းများ ဖတ်ရှူရသော်လည်း မိမိ ထင်မြင်ယူဆချက်ကို ရေးသားတင်ပြအပ်ပါသည်။
မြန်မာပြည် အညာဒေသတွင် နတ္တော် ပြာသိုလ်လများသည် မိုးဦးကာလက စိုက်ပျိုးထားသော ကောက်စပါးများ ရိပ်သိမ်းကြသည့်အချိန် ဖြစ်၍ မိမိတို့၏ လယ်ယာ ကိုင်းကျွန်းမှ ထွက်ပေါ်လာသော ကောက်ဦး ပဲဦး သစ်သီးဦးများကို အဦးအဖျားအနေဖြင့် ဘုရားရှင်အား ပူဇော်လိုကြရကား ကောက်ညှင်း၊နှမ်း,၊နှမ်းဆီတို့ကို အဓိကထား၍  အုန်းသီးဆံ ၊မြေပဲဆံ၊ဂျင်း၊ သကြား၊ဆားစသည်တို့ဖြင့် မွမ်းမံကာ ထမနဲထိုး၍ ပူဇော်ကြလေသည်။

ငါတို့ ဂေါတမမြတ်စွာဘုရားလက်ထက်တွင် ဦးဦးဖျားဖျား အလှူ (၅)မျိုး လှူဒါန်းသော ပဉ္စဂ္ဂဒါယကာ တစ်ဦးရှိခဲ့ဖူးလေသည်၊ ထိုဒကာသည် လယ်ဦး အလှူ၊ တလင်းဦး အလှူ၊ စပါးပုံဦး အလှူ၊ အိုးဦး အလှူ
၊ ခွက်ဦးအလှူ တို့ကို အလှူခံပုဂ္ဂိုလ်အား မပေးလှူဘဲ မစားသဖူးဟူ၍ ဦးဦးဖျားဖျား လှူသူဟု စာပေတွင် ဖော်ပြထားလေသည်။

ဝိပဿီဘုရား လက်ထက်တွင်လည်း စူဠကာဠ မဟာကာဠ ညီနောင် ၂ ဦးတွင် ညီငယ် စူဠကာလမှ မိမိ၏ လယ်ယာမှ ထွက်ပေါ်လာသည့် သလေးစပါးများကို စပါးဖုံးဦးအလှူ ကောက်နှံဦး အလှူ စသည်ဖြင့် အလှူဦး (၉) မျိုးကို ဝိပဿီဘုရားအမှူးပြုသော သံဃာတော်များအား ဦးဦးဖျားဖျား လှူဒါန်းခဲ့ပြီး ဘုရားရှင်တို့သိအပ်သော တရားကို  အဦးဆုံးသိရပါစေသားဟူ၍ ဆုပန်ခဲ့ကာ ငါတို့ ဂေါတမဘုရားလက်ထက်တွင် အရှင်ကောဏ္ဍည အမည်နာမဖြင့် တရားဦးဓမ္မစကြာကို နာကြားပြီး လူသားတို့တွင် သောတာပန် အဦးဆုံးဖြစ်ခဲ့သည်ကို စာပေ၌ ဖော်ပြလျှက်ရှိပေသည်။

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများသည်လည်း မိမိတို့ လယ်ယာမှ ထွက်ပေါ်လာသော ကောက်ပဲ သီးနှံများကို အဦးအဖျား အလှူအဖြစ်ဖြင့် ထမနဲထိုး၍ ဦးဦးဖျားဖျား လှူဒါန်းခဲ့သည့် အစဉ်လာကောင်း တစ်ရပ် ဖြစ်နိုင်ပေသည်ဟုယူဆမိပါသည်။

ထမနဲပွဲတော်ကိုနိုင်ငံတဝှမ်း တပို့တွဲလပြည့်နေ့တွင် တညီတညွတ်တည်း ကျင်းပကြသည်။ရပ်ကွက် ပရဟိတသင်းအဖွဲ့များ၊ တပိုင်တနိုင် မိသားစုများအပြင်၊ သူငယ်ချင်းများ စုပေါင်း၍လည်း ရပ်ကွက် ဓမ္မာရုံ, ဘုန်းတော်ကြီးကျောင်းများတွင် သူတစ်လှည့် ငါတစ်ဖုံ ညာသံပေးကာ ပျော်ပျော်ပါးပါး ဆင်နွဲကြလေသည်။

မိမိတို့ရဲ့ အင်နဲ့ အားနဲ့ ချွေးဒီးဒီးကျအောင် ထိုးထားသော ထမနဲများကို ဘုရားရှင်အား ဆွမ်းတော်ကပ်ခြင်း, သံဃာတော်များအား လောင်းလှူခြင်း၊ရပ်ကွက်အတွင်း အချင်းချင်း ဝေငှ သုံးဆောင်ခြင်းများဖြင့် တပိုတွဲမှာ ထမနဲဖြင့် ဒါနကုသိုလ်ထူး ဆည်းပူးကြသည့် မြန်မာတို့ရဲ့ ဓလေ့ ရိုးရာသည် မြန်မာ့စိတ်ရင်း မြန်မာ့ရှူခင်းကို ကြည်နူးစွာ မြင်တွေ့ရှု့စားကြရသည် မြန်မာ့အလှတရားများစွာမှ  တန်းဖိုးကြီးမားလှသည့် အလှတစ်ပါးပင် ဖြစ်ပေသည်။

အချုပ်ဆိုရသော် မြန်မာတို့၏  ဆယ့်နှစ်လရာသီ ပွဲတော်များကဲ့သို့သော ရိုးရာ ဓလေ့ ပွဲတော်များသည် ဘာသာရေးနဲ့ နှီးနွယ် ဆက်ဆံနေသည်ဖြစ်၍ ကိုယ့်ကျိုးတစ်ခုတည်းသာမဟုတ် အများအတွက် ကောင်းကျိုးတရားတွေကိုပါ သည်ဆောင်ပေးသည့် အစဉ်လာကောင်း တစ်ရပ်ဖြစ်ပေသည်။

“အလှပေါ် အယဉ်ဆင့်၊အချိုပေါ် သကာလောင်း” ဆိုသည့်ပမာ ရိုးရှင်း ဖြူစင်သော မေတ္တာ မုဒိတာ ကရုဏာတရားများဖြင့် အမြင့်ပေါ်, အမြတ်ဆင့်နိုင်ကြပါစေကြောင်းဆု တောင်းမိပါသတည်း။

အရှင်တေဇနိယာလင်္ကာရ
မြို့လှ


LEAVE A REPLY

Please enter your comment!
Please enter your name here