စီခမ်းကြီးကျေးရွာတိုက်ပွဲကြောင့် ဒေသခံ (၁၇၀၀)ကျော် စစ်ရှောင်နေရ၊ အရေးပေါ် အကူအညီအချို့ လိုအပ်နေဟု ဆို

0
104

ကချင်ပြည်နယ်၊ မံစီမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုများ ရှိနေသည့်အတွက် ဒေသခံစစ်ရှောင်ပြည်သူ (၁၇၄၁)ဦးခန့် စစ်ရှောင်နေကြရပြီး အရေးပေါ်လိုအပ်ချက်အနေဖြင့် ဆန်၊ အခင်းနှင့်အကာများ လိုအပ်လျှက်ရှိကြောင်း ဒေသတွင်း စစ်ရှောင်အရေး ဆောင်ရွက်နေသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ဖေဖော်ဝါရီ (၁၈) ရက်တွင် မံစီမြို့နယ်၊ စီခမ်းကြီးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်ကြောင့် ဒေသခံများမှာ တိုက်ပွဲဖြစ်ပွားရာနှင့် (၂၈)မိုင်ကွာဝေးသည့် ဗန်းမော်မြို့ရှိ သိမ်မဟာကျောင်းတိုက်နှင့် သုခဝတီကျောင်းတိုက် နှစ်ခုတွင် လူဦးရေ (၁,၀၀၀)ခန့် ခိုလှုံနေကြရကြောင်း သိရသည်။

အလားတူ တိုက်ပွဲဖြစ်ပွား‌ရာနေရာနှင့် (၁၂)မိုင်ခန့် ကွာဝေးသော မံသာကျေးရွာရှိ သာသနာ့အလင်းရောင်ကျောင်းတိုက်တွင်လည်း စစ်ရှောင်ဦးရေ (၇၄၁)ဦးခန့် ခိုလှုံနေကြရကြောင်း သိရသည်။

အဆိုပါ သာသနာ့အလင်းရောင် ကျောင်းတိုက်တွင် ခိုလှုံနေရသော စစ်ရှောင်များမှာလည်း လက်ရှိတွင် ဆန်၊ စားသောက်စရာ၊ အခင်းအကာများ အရေးပေါ်လိုအပ်လျက်ရှိသည်ဟု ဆိုသည်။

“တိုက်ပွဲရှောင်တွေက နှစ်နေရာမှာရှိပါတယ်။ အချို့ကအဝေးကြီးမပြေးကြဘဲ တိုက်ပွဲဖြစ်တဲ့ နေရာနဲ့ (၁၂)မိုင်ကွာတဲ့ ကျည်လွတ်တဲ့ နေရာမှာ ခိုလှုံနေကြတယ်။ သူတို့က ရွာပြန်လိုက် ပြန်လာလိုက်နဲ့ပေါ့။ ကျွန်တော်တို့ ဗန်းမော်ဘက်ကိုရောက်လာတဲ့ စစ်ရှောင်တွေကလည်း ဘုန်းကြီးကျောင်းနှစ်ကျောင်းမှာ ခိုလှုံနေကြတာတွေရှိသလို့ အချို့ကလည်း ဆွေမျိုး သားချင်းအိမ်တွေမှာ နေကြတာရှိပါတယ်။ ကျွန်တော်တို့ ကချင်ပြည်နယ်ဘက်ကတော့ မြို့ခံတွေအားနဲ့ပဲ ကူညီပေးနေတာတွေ လုပ်ပါတယ်။ စားသောက်စရာ၊ အဝတ်အထည်နဲ့ အခင်းအကာတွေကအစ ကူညီပါတယ်။ ကချင်ပြည်နယ်ဘက်ကတော့ လှူဒါန်းထောက်ပံ့မှု အားကောင်းပါတယ်။ မံသာကျေးရွာက စစ်ရှောင်တွေအတွက် ဆန်နဲ့ အခင်းအကာလိုတာပေါ့။ ဒေသန္တရ အမိန့်အရ ဆန်ကလည်း သယ်ချင်တိုင်း သယ်လို့မရတော့ သူတို့တွေ စားဖို့အတွက် အခက်အခဲရှိနေတာပေါ့။ အေးတဲ့အတွက် အမိုးအောက်မှာနေရပေမယ့် အခင်းနဲ့အကာ စောင်တွေ အနွေးထည်တွေလိုအပ်နေတာပါ”ဟု စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်သူ တစ်ဦးက ရှင်းပြသည်။

အဆိုပါ ဒေသခံစစ်ရှောင်များမှာ စီခမ်းကြီး ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရွာများဖြစ်သည့် စီကော်၊ သံတံတား၊ မက်လင်ကျေးရွာများရှိ ဒေသခံပြည်သူများဖြစ်ကြောင်း သိရသည်။

ယခုလ ဖေဖော်ဝါရီ (၁၈)ရက်တွင် စီခံကြီး ကျေးရွာအနီး တပ်မတော်နှင့် KIA လက်နက်ကိုင်ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြသော်လည်း လက်ရှိတွင် ပြန်လည်ငြိမ်သက်နေပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာတိုက်ပွဲကြောင့် ဒေသခံ စစ်ရှောင်ပြည်သူ (၄,၀၀၀) နီးပါးမှာ ဆိပ်မူကျေးရွာ(ဆိုင်းတောင်) ရှိ ဘုန်းကြီးကျောင်းများတွင် ခိုလှုံခဲ့ကြရပြီးနောက် တိုက်ပွဲများ ပြန်လည်ငြိမ်သက်သွားသဖြင့် လက်ရှိတွင် နေရပ်သို့ ပြန်သွားကြပြီဖြစ်သည်။

ဓာတ်ပုံ – သုညသုခ ပရဟိတ အသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here