ငရုတ်ကောင်း – ဂေါ်ရန်ဂျီကျွန်းလမ်းပေါ်ရှိ ချောင်းဝတံတားတည်ဆောက်မှု ၈၉ ရာခိုင်နှုန်းပြီးစီး

0
170

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ငရုတ်ကောင်း-ဂေါ်ရန်ဂျီကျွန်းလမ်းပေါ်ရှိ ချောင်းဝတံတားတည်ဆောက်မှု ၈၉ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း ချောင်းဝတံတား တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင်မှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်ကို ဆက်သွယ်ပေးမည့် အဆိုပါ ချောင်းဝတံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနက တာဝန်ယူ ဆောက်လုပ်နေခြင်းဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့ရှိ ငရုတ်ကောင်း-ဂေါ်ရန်ဂျီကျွန်း လမ်းပေါ်၌ တည်ဆောက်နေသော ချောင်းဝတံတားအား တံတားအထူးအဖွဲ့(၁၆)မှ ကျွမ်းကျင်အင်ဂျင်နီယာများနှင့် ကာယ၊ ဉာဏ လုပ်သားများက တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်သည်။

လက်ရှိ ငရုတ်ကောင်းမြို့မှ မြောက်ဘက်ပိုင်း ဂွမြို့နယ်အထိ ငရုတ်ကောင်း-ဆင်မ-ငွေဆောင်-ချောင်းသာ-ရွှေသောင်ယံ-မကျီးဇင်- ကျောက်ချွန်-ဂွ ကမ်းခြေပတ်လမ်းစီမံကိန်းကို လမ်းဦးစီးဌာနက ဆောင်ရွက်လျက်ရှိပြီး အဆိုပါ ချောင်းဝတံတားသည် ကမ်းခြေပတ်လမ်း၏ တစ်စိတ်တစ်ပိုင်းဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကမ်းခြေပတ်လမ်းနှင့် ချောင်းဝတံတားတည်ဆောက်ရေးစီမံကိန်းဆောင်ရွက်ပြီးစီးပြီပါက ငရုတ်ကောင်းတောင်ဘက်ပိုင်းရှိ ဂေါ်ရန်ဂျီကျွန်းအထိလမ်းများ တဆက်တစပ်တည်း ဖြစ်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတည်ဆောက်နေသည့် ချောင်းဝတံတားအရှည်မှာ ပေ ၁၂၈၀ ရှိမည်ဖြစ်ပြီး တံတား၏အပေါ်ထည် အမျိုးအစားမှာ PC Girder ၊ RC Girder & RC Slab ဖြစ်ကာ တံတား၏ ကိုယ်ထည်မှာ RC ကွန်ကရစ် အမျိုးအစားဖြစ်ကြောင်း သိရသည်။

အဆိုပါ ချောင်းဝတံတား တည်ဆောက်ရေးစီမံကိန်းကို ပြီးခဲ့သည့် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် စတင်အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here