ဟားမတ်စ်နဲ့ အပစ်ရပ်စဲရေးရခဲ့သည့်တိုင် ဟစ်ဇ်ဘိုလာအပေါ် အရှိန်မြှင့်တိုက်ခိုက်သွားမှာဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီး ပြော

0
178

ဂါဇာကမ်းမြောင်ဒေသမှာ ဟားမတ်စ်နဲ့ အပစ်ရပ်စဲရေး သဘောတူညီချက်တစ်ခု ရခဲ့သည့်တိုင် လက်ဘနွန် ဟစ်ဇ်ဘိုလာစစ်သွေးကြွအဖွဲ့အပေါ်ကိုတော့ တိုက်ခိုက်မှုတွေ အရှိန်မြှင့်သွားမှာဖြစ်တယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီးက တနင်္ဂနွေနေ့မှာ ကတိပြု ပြောဆိုခဲ့ပါတယ်။

ဂါဇာစစ်ပွဲတောက်လျှောက်မှာ အစ္စရေးနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ လုပ်လျက်ရှိတဲ့ ဟစ်ဇ်ဘိုလာအဖွဲ့က ဂါဇာမှာ အပစ်ရပ်စဲရေး သဘောတူညီချက်ရခဲ့မယ်ဆိုရင် အစ္စရေးအပေါ် နေ့စဉ်နီးပါး လုပ်နေတဲ့ တိုက်ခိုက်မှုတွေကို ရပ်တန့်သွားမယ်လို့ ဆိုခဲ့ပါတယ်။

ဒါပေမဲ့လည်း အစ္စရေး ကာကွယ်ရေးဝန်ကြီး ယွတ်ဗ် ဂယ်လန့်ကတော့ ဂါဇာအတွက် ယာယီအပစ်ရပ်စဲမှုကို မြောက်ပိုင်းစစ်မျက်နှာလည်း အကျူံးဝင်မယ်လို့ ယူဆသူတိုင်းဟာ မှားယွင်းတယ်လို့ ပြောဆိုခဲ့ပါတယ်။ သံတမန်ရေး သဘောတူညီချက်အရဖြစ်စေ၊ အင်အားသုံး၍ဖြစ်စေ ဟစ်ဇ်ဘိုလာကို အစ္စရေးနယ်စပ်ကနေ မောင်းထုတ်ဖို့က ရိုးရှင်းတဲ့ ရည်ရွယ်ချက်ဖြစ်တယ်လို့ သူက ဆိုပါတယ်။

အောက်တိုဘာ ၇ ရက်မှာ ဟားမတ်စ်က အစပြုလိုက်တဲ့ ဂါဇာစစ်ပွဲပေါ်ပေါက်လာခဲ့ပြီး တပြိုင်နက်ဆိုသလို ဟစ်ဇ်ဘိုလာက အစ္စရေးအပေါ် စတင်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဟစ်ဇ်ဘိုလာရဲ့ ရော့ကက်နဲ့ ဒုံးကျည် ပစ်လွှတ်မှုတွေ၊ အစ္စရေးရဲ့ လေကြောင်းနဲ့ အမြောက်ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပေါ်နေပြီး အစ္စရေး-လက်ဘနွန်နယ်စပ် နှစ်ဖက်လုံးရှိ ဒေသခံထောင်ပေါင်းများစွာ နေရပ်စွန့်ခွာ ရှောင်ပြေးခဲ့ကြရပါတယ်။

ဂါဇာကမ်းမြောင်မှာ အပစ်ရပ်စဲရေးဖြစ်မြောက်ခဲ့ပါက လက်ဘနွန်တောင်ပိုင်းမှာ အပစ်ရပ်စဲရေးကို လိုက်နာသွားမှာဖြစ်တယ်လို့ ဟစ်ဇ်ဘိုလာခေါင်းဆောင် ဟက်ဆန် နာဆရယ်လာက ယခုလအစောပိုင်း မိန့်ခွန်းမှာ ပြောဆိုထားပါတယ်။ သို့ပေမယ့် ဟားမတ်စ်နဲ့ သဘောညီချက်ရခဲ့သည့်တိုင် အစ္စရေးက လက်ဘနွန်ကို ဆက်တိုက်နေဦးမယ်ဆိုရင်တော့ တိုက်ခိုက်မှုတွေပြန်စပြီး အရှိန်မြှင့်တိုက်ခိုက်မှုလုပ်ဆောင်မှာဖြစ်တယ်လို့လည်း သူက ပြောဆိုခဲ့ပါတယ်။

Ref: U.S. News


LEAVE A REPLY

Please enter your comment!
Please enter your name here