အထူးကုသမားတော်ကြီးများ၏ အပတ်စဉ်ကွင်းဆင်းကုသရေးခရီးစဉ်အနေဖြင့်ကချင်ပြည်နယ်မှ ပြည်သူ (၁၂၀၀)ကျော်ကို ဆေးကုသပေး

0
159

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆေးကုသရေးအဖွဲ့မှ ဒုတိယအကြိမ်အဖြစ် ကွင်းဆင်းဆေးကုသပေးရာပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း (၈) မြို့နယ်မှ မြို့ပေါ်နှင့် ကျေးလက်နေပြည်သူ (၁၂၀၀)ကျော် လာရောက် ဆေးကုသခဲ့ကြောင်း သိရသည်။

ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့မှ ပါမောက္ခ/ အထူးကု ဆရာဝန်ကြီးများ ပါဝင်သော အထူးကုဆေးကုသရေးအဖွဲ့များ၏ ကွင်းဆင်းကုသမှုအစီအစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ (၂၄) ရက်နေ့နှင့် (၂၅) ရက်နေ့တို့တွင် မန္တလေး ပြည်သူ့ဆေးရုံကြီး၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး-မန္တလေးနှင့် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်အထူးကု ဆေးရုံကြီး-မန္တလေးတို့မှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ ဒုတိယအကြိမ်သွားရောက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ သွားရောက်ရာ ပြည်သူ့ဆေးရုံကြီး၊ မြစ်ကြီးနားမြို့မှ အထူးကု ဆရာဝန်ကြီးများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အထူးကုဆေးကုသရေးအစီအစဉ်တွင် မြစ်ကြီးနားမြို့ပေါ်သာမက ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း (၈) မြို့နယ်မှ မြို့ပေါ်နှင့် ကျေးလက်နေ ပြည်သူများ လာရောက်ပြသခဲ့ကြောင်း သိရသည်။

နှလုံး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါ၊ ရင်ခေါင်းဆေးကုသမှု ဆိုင်ရာရောဂါ၊ ဆီးနှင့်ကျောက်ကပ်ဆေးကုသမှုဆိုင်ရာရောဂါ၊ ဆီးချိုနှင့် ဟော်မုန်းဆိုင်ရာရောဂါ၊ ဦးနှောက်နှင့် အာရုံကြော ဆေးကုသမှုဆိုင်ရာရောဂါ၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အထွေထွေ၊ အရိုးအကြောအဆစ်၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ကလေးနှလုံးရောဂါ၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ အထွေထွေခွဲစိတ်၊ သားဖွားမီးယပ်၊ သွားနှင်ခံတွင်းရောဂါ၊ မျက်စိ ၊ အရေပြားရောဂါရှင် စုစုပေါင်း လူနာ (၁,၂၄၁) ဦးတို့ကို ကြည့်ရှုကုသမှုပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လူနာများအနက် နှလုံးပုံရိပ်ဖော်စက်ဖြင့်ကြည့်ခြင်း (Echocardiography) ၊ အစာအိမ်နှင့် အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုခြင်း (OGDS)၊ အူမကြီးမှန်ပြောင်းကြည့်ရှုခြင်း၊ နား၊ နှာခေါင်း၊ လည်ချောင်း မှန်ပြောင်းကြည့်ရှုခြင်း၊ ကွန်ပျူတာဓာတ်မှန်ဖြင့် စစ်ဆေးခြင်း (CT scan)၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း၊ ဓာတ်ခွဲစမ်းသပ်သူ၊ သွေးချိုဓာတ် (HbA1C) တိုင်းတာခြင်း၊ Ultrasound ရိုက်ကူးခြင်း၊ နှလုံးစက်ဖြင့် စစ်ဆေးခြင်း (ECG) တို့ကို စမ်းသပ်စစ်ဆေးပေးနိုင်ခဲ့ပြီး နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ ခွဲစိတ်ကုသမှု (၃၉) ဦးတို့ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဆေးရုံတက်ရောက် ကုသရန် လိုအပ်သောလူနာများကို မန္တလေးနှင့် နေပြည်တော်ရှိ သက်ဆိုင်ရာ ပြည်သူ့ဆေးရုံကြီးများသို့ လွှဲပြောင်းကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဦးခေါင်းတွင်း သွေးခဲလူနာ (၁) ဦးအား ခွဲစိတ်ကုသမှုဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်နှင့်အတူ ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်အား ဆောင်ရွက်ပေးခဲ့ရာ အသက် (၆၅) နှစ်နှင့်အထက် ပြည်သူလူထုနှင့် နာတာရှည်ရောဂါ ဝေဒနာရှင် စုစုပေါင်း (၇၀) ဦး့အား ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၄ ခုနှစ်၊ ဖေ‌ဖော်ဝါရီလ (၂၄) ရက် နေ့နှင့် (၂၅) ရက်နေ့တိုတွင် အထူးကုဆေးကုသရေးအစီအစဉ်ဆောင်ရွက်ရာနေရာသို့ လာရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှ အထူးကုသမှုဆိုင်ရာ (Super specialty) ပါမောက္ခ/ အထူးကု ဆရာဝန်ကြီးများ၏ အထူးကုကွင်းဆင်းကုသရေးခရီးစဉ်များကို ၂၀၂၄ ခုနှစ်၊ နှစ်ဆန်းမှ စတင်၍ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များ၌ ဆောင်ရွက်လျက်ရှိပြီး တောင်ကြီးမြို့၊ ပြည်မြို့၊ သံတွဲမြို့၊ ပုသိမ်မြို့၊ မော်လမြိုင်မြို့၊ မကွေးမြို့၊ မြိတ်မြို့၊ ညောင်ဦးမြို့နှင့် ယခုမြစ်ကြီးနားမြို့များသို့ သွားရောက်ပြီးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here