ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံ စိုက်ပျိုးရာသီတွင် မဲဇလီ ရေလွှဲဆည်ရေဖြင့် နွေစပါး ဧက ၃၀၀၀၀ ကျော် စိုက်ပျိုးမည်

0
161

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံ စိုက်ပျိုးရာသီတွင် မဲဇလီ ရေလွှဲဆည်ရေဖြင့် ၂၉၉၅၉ ဧက၊ ရေစုပ်စက် စနစ်ဖြင့် ၁၃၂၈ ဧက စုစုပေါင်း ၃၁,၂၈၇ ဧကကို ဖေဖော်ဝါရီ လကုန်တွင် စတင်စိုက်ပျိုးမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“ပွင့်ဖြူမြို့နယ်မှာ သီးနှံစိုက်ပျိုးစွမ်းအား မြင့်တက်စေဖို့ တစ်မြို့နယ်လုံး နွေစပါးသီးနှံ ၃၁၂၈၇ ဧကကို လျာထားစိုက်ပျိူးသွားမှာ ဖြစ်ပါတယ်။ တောင်သူတွေ အခက်ခဲမရှိ အဆင်ပြေစွာ စိုက်ပျိုးနိုင်ဖို့အတွက် မြို့နယ်ဆည်မြောင်းနဲ့ ရေအသုံးချစီမံခန့်ခွဲရေးဦးစီးဌာနက ဒီလ ၁၆ ရက်က စတင်ပြီး မြောက်မုန်း မြောင်းမကြီးက တစ်ဆင့် စိုက်ပျိုးလယ်မြေအရောက် ဖြန့်ဝေပေးသွားမှာဖြစ်ပါတယ်”ဟု  ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။

ဒေသခံတောင်သူများ နွေစပါးသီးနှံ အခက်ခဲမရှိ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦး စီးဌာနတို့ ပူးပေါင်း၍ စိုက်ပျိုးရေ ရရှိရေး၊ စိုက်ပျိုးရေးနည်းစနစ်များနှင့် မျိုးကောင်းမျိုးသန့်စိုက်ပျိုးထုတ်လုပ်နိုင်ရေး လိုအပ်သည်များကို ပံ့ပိုးကူညီပေးသွားမည်ဟုဂတိပြုထားသည်။

“စိုက်ပျိုးရေးဦးစီးဌာနက တောင်သူတွေ လိုအပ်တဲ့ သွင်းအားစုတွေနဲ့ စိုက်ပျိုးရေးနည်းပညာတွေကို ဖြည့်ဆည်းပေးသွားမှာပါ။ ဒါ့အပြင် နွေစပါးသီးနှံစိုက်ပျိုးတဲ့အခါမှာ လိုအပ်တဲ့ ဓါတ်မြေသြဇာတွေ စနစ်တကျ သုံးစွဲတတ်စေဖို့ နည်းပညာပေး လုပ်ငန်းတွေကိုလည်း စိုက်ပျိုးရေးလုပ်ငန်းနဲ့ ဆက်စပ်တဲ့ ဌာနတွေ ပူးပေါင်းဆောင်ရွက်ပေးနေပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံ ၃၁၂၈၇ ဧကစိုက်ပျိုးရာတွင် ရတနာတိုး၊ မနောသု၊ ဆင်းသုခ၊ ချမ်းမြေ့မေ၊ ဆာဖိုးသာ၊ GW 1 စသည့် စပါးမျိုးများကို အဓိကထား စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here