တန်ပြန်ထိုးစစ်အသစ် ယူကရိန်းပြင်ဆင်နေဟု ဇလန်းစကီးပြောကြား

0
162

ယူကရိန်းသည် နောက်ထပ် တန်ပြန်ထိုးစစ်သစ်အတွက် ပြင်ဆင်နေပြီး တိကျသော အစီအစဉ်လည်းရှိနေပြီဟု ယူကရိန်းသမ္မတ ဗလာဒီမာ ဇလန်းစကီးက ပြောကြားသည်။

“ကျွန်တော်တို့မှာ အစီအစဉ်တစ်ခု၊ ရှင်းလင်းတိကျတဲ့ အစီအစဉ်တစ်ခုရှိနေပါပြီ။ အသေးစိတ်ကို ကျွန်တော် မဖော်ပြနိုင်ပါဘူး၊ ကျွန်တော် ပြောပိုင်ခွင့်လဲ မရှိပါဘူး။ ဒီအစီအစဉ်ဟာ ကွပ်ကဲမှုမှာ အပြောင်းအလဲဖြစ်သွားတာတချို့နဲ့လဲ ဆက်စပ်နေပါတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် ယူကရိန်း၏ ၂၀၂၄ခုနှစ် မဟာဗျူဟာနှင့် ပတ်သက်၍ မေးမြန်းသောအခါ ၎င်းက ဖြေကြားခဲ့သည်။

သို့သော် ဖြစ်နိုင်ချေရှိသော အချက်အလက်ပေါက်ကြားများမှုကြောင့် အစီအစဉ်များစွာ ရေးဆွဲရမည်ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ “ပြီးတော့ ကျွန်တော်က ဘာ့ကြောင့် အပြောင်းအလဲတွေ လုပ်ရသလဲဆိုတာ၊ ဒါက ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးပဲ” ဟု နိုင်ငံ၏ စစ်တပ်ကွပ်ကဲမှုတွင် မကြာသေးမီက ပြောင်းလဲမှုများအပေါ် မှတ်ချက်ပေး ပြောဆိုခဲ့သည်။

အစောပိုင်းတွင် Zelensky သည် Valery Zaluzhny အား တိုင်းပြည်၏ စစ်ဦးစီးချုပ်အဖြစ်မှ ထုတ်ပယ်ခဲ့ပြီး ယူကရိန်းခြေလျင်တပ်များ၏ တပ်မှူးဖြစ်ခဲ့သော Alexander Syrsky အား စစ်ဦးစီးချုပ်ရာထူးတွင် ခန့်အပ်ခဲ့သည်။

၂၀၂၃ ဇွန်လခန့်ကတည်းက စတင်ခဲ့သော တန်ပြန်ထိုးစစ် စစ်ဆင်ရေးဇုန်အတွင်း တိုးတက်မှု တစုံတရာ မရှိခြင်းနှင့်ပတ်သက်၍ ယူကရိန်းအာဏာပိုင်များက နေတိုးအား ထောက်ပံ့ရေး မလုံလောက်မှုအတွက် အပြစ်တင်ခဲ့ပြီး နေတိုးအရာရှိများကမူ ယူကရိန်းအတွက် လိုအပ်သမျှအရာအားလုံးကို လိုအပ်သည်ထက်ပင် ပိုမို၍ မျှဝေပေးခဲ့သည်ဟု ဆိုကြသည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင်တွင်မူ ဇလန်းစကီး က ယူကရိန်း၏ တန်ပြန်ထိုးစစ် မအောင်မြင်ကြောင်း မှတ်ချက်ပြုခဲ့သည်။

တန်ပြန်ထိုးစစ်တွင် ယူကရိန်းတပ်ဖွဲ့ဝင်များ ကျဆုံးသူနှင့် ဒဏ်ရာရရှိသူ ၁၅၉,၀၀၀ ဦးရှိခဲ့ပြီး၊ လေယာဉ် ၁၂၁ စီး၊ တင့်ကား ၇၆၆ စီးနှင့် သံချပ်ကာ တိုက်ခိုက်ရေးယာဉ် ၂,၃၄၈ စီးတို့လည်း ဆုံးရှုံးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး Sergey Shoigu က ပြောကြားခဲ့သည်။

သို့ရာတွင် သမ္မတ ဇလန်းစကီးကမူ “တန်ပြန်ထိုးစစ်မှာ ယူကရိန်းစစ်သည် ၃၁,၀၀၀ ကျဆုံးခဲ့ပါပြီ။ ၃၀၀,၀၀၀ မဟုတ်သလို ၁၅၀,၀၀၀ လည်းမဟုတ်ပါဘူး။ ပူတင်နဲ့ သူ့ရဲ့ လှည့်စားတဲ့ အသိုင်းအဝိုင်းက လိမ်ညာနေသလိုတော့ မဟုတ်ပါဘူး။ မည်သို့ဆိုစေကာမူ ဆုံးရှုးမှုတစ်ခုချင်းစီတိုင်းဟာ ကျွန်တော်တို့အတွက် ကြီးမားတဲ့ စွန့်လွှတ်အနစ်နာခံမှုတွေချည်းပဲဖြစ်ပါတယ်” ဟု ကိဗ်မြို့တော်တွင်ပြုလုပ်သည့် “Ukraine, Year 2024” ဖိုရမ်တွင် ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here