ယူကရိန်းကို တပ်ဖွဲ့ဝင်တွေစေလွှတ်ရေး စဉ်းစားသင့်ကြောင်း ဆလိုဗက် ဝန်ကြီးချုပ် တိုက်တွန်းခဲ့ပြီး ထိုအချက်ကို ပစ်ပယ်မထားဟု ပြင်သစ် သမ္မတ ဆို

0
173

နေတိုးနဲ့ ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံ အများအပြားအနေနဲ့ နှစ်ဦးနှစ်ဖက် သဘောတူညီချက်အပေါ် အခြေခံပြီး ယူကရိန်းကို စစ်သည်တွေ စေလွှတ်ပေးပို့ရေး စဉ်းစားသင့်တယ်လို့ ဆလိုဗက် ဝန်ကြီးချုပ် ရောဘတ် ဖီကိုက တနင်္လာနေ့မှာ ပြောဆိုလိုက်ပါတယ်။

ယူကရိန်းသို့ စစ်ရေးပံ့ပိုးမှုတွေနဲ့ပတ်သက်ပြီး ကာလကြာရှည် ဆန့်ကျင်ခဲ့သူဖြစ်ကာ ရုရှား ထောက်ခံသူလို့ ဝေဖန်သူအချို့က မြင်တဲ့ ဖီကိုအနေနဲ့ သူ့ပြောဆိုခဲ့မှုမှာ အသေးစိတ်အချက်တွေ မပါဝင်ခဲ့သလို ဥရောပခေါင်းဆောင်တွေကလည်း ဒီအပေါ်မှာ လတ်တလော တုန့်ပြန်မှတ်ချက်ပြုခြင်း မရှိပါဘူး။

ပဲရစ်မှာပြုလုပ်မယ့် ဥရောပခေါင်းဆောင်များ အစည်းအဝေးမတက်ရောက်မီ သူက ယင်းသို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ ပြင်သစ်သမ္မတ အီမန်နူရယ် မက်ခရွန်က ယူကရိန်းကို တပ်တွေ စေလွှတ်ရေးအတွက် အများသဘောတူထားချက်မျိုး မရှိကြောင်း သို့ပေမယ့် ဒီအကြောင်းအရာကို ပစ်ပယ်ထားမှာ မဟုတ်ကြောင်း ပြောဆိုသွားပါတယ်။ ယူကရိန်း မဟာမိတ် နိုင်ငံ ၂၀ မှ အရာရှိတွေနဲ့ အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပြီးနောက် မြေပြင်မှာ တပ်တွေစေလွှတ်ဖို့ ဒီအဆင့်မှာတော့ သဘောတူညီချက် မရှိပါကြောင်း သူက ပြောဆိုပါတယ်။

“ဘာကိုမှတော့ ချန်လှပ်မထားသင့်ပါဘူး၊ ရုရှား အနိုင်မရရေး စွမ်းနိုင်သမျှ ကျွန်တော်တို့ လုပ်ကြရမှာပါ” လို့ မက်ခရွန်က ဆိုပါတယ်။

နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာ ယူကရိန်းကို လက်နက်နဲ့ ခဲယမ်းမီးကျောက် ဒေါ်လာဘီလီယံချီ ပံ့ပိုးထားသလို ယူကရိန်းတပ်ဖွဲ့ဝင်တွေကို လေ့ကျင့်သတင်တန်းပေးတာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။ သို့ပေမယ့် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် အပါအဝင် နေတိုးခေါင်းဆောင်တွေကတော့ ကမ္ဘာစစ်ပွဲသို့ ဦးတည်သွားစေနိုင်တဲ့ ရုရှားနဲ့ ပဋိပက္ခမှာ သူတို့အနေနဲ့ တိုက်ရိုက်ပါဝင်တာမျိုး မလုပ်လိုကြောင်း အလေးထား ပြောဆိုခဲ့ကြပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here