မိုးညှင်းခရိုင်အတွင်းရှိ စစ်ဘေးရှောင်အချို့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ဝေဒနာများခံစားနေရသဖြင့် အရေးပေါ် ဆေးဝါးများလိုအပ်နေဟုဆို

0
155

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် ၊ လွယ်ဆိုင်ကျေးရွာရှိ ခရစ်ယာန်သာသနာပြုကျောင်းများအတွင်း ခိုလှုံနေရသည့် စစ်ရှောင်ပြည်သူများအနက်မှ သက်ကြီးရွှယ်အိုအချို့တွင် အသက်ရှုလမ်းကြောင်းဆိုင်ရာ ဝေဒနာများ ခံစားနေရသည့်အတွက် အရေးပေါ် ဆေးဝါးကုသခံယူမှုနှင့် ဆေးဝါးများ လိုအပ်ချက်များရှိနေကြောင်း ဒေသတွင်း စစ်ရှောင်အရေး ဆောင်ရွက်ပေးနေသူ ခရစ်ယာန်ဓမ္မ ဆရာတစ်ဦးက ပေါပြူလာနယူးစ်ကို ယနေ့တွင် ပြောသည်။

အဆိုပါ ကျေးရွာတွင် ဒေသခံစစ်ရှောင်(၂၀၀)ဦးခန့် ရောက်ရှိခိုလုံနေပြီးမှာ ကက်သလစ် ခရစ်ယာန်ဘုရားကျောင်း၊ နှစ်ခြင်းခရစ်ယာန်ကျောင်းနှင့် သထန်ယန်ကျေးရွာတို့တွင် အုပ်စု (၃)စု ခွဲ၍ စစ်ရှောင်နေကြရကြောင်း သိရသည်။

” ချောင်းဆိုးတယ်၊ ရင်ကြပ်တယ်၊ မောတယ်၊နှာစည်းတယ် အဲဒီလက္ခဏာတွေ ဖြစ်နေတာပေါ့။ သက်ကြီးရွယ်‌အိုတွေပိုဖြစ်တယ်။ အချို့လည်း ဝမ်းကိုက်တာတွေဖြစ်နေတယ်။ ငှက်ဖျားဖြစ်တဲ့ သူလည်းရှိတယ်။ ဒီမှာ ဆေးခန်းလည်းမရှိတော့ ဆေးဝယ်ပြီး တိုက်တာလောက်ပဲရှိတယ်။ ဆေးကုသဖို့နဲ့ ဆေးဝါး‌တွေ အရေးပေါ်လို‌နေတယ်”ဟု ၎င်းက ပြောသည်။

‌ယင်း ရောဂါဖြစ်စဉ်များသည် မည့်သည့်အတွက်ကြောင့် ဖြစ်သည်ကို မသိရှိရသေးဘဲ၊ လက်တလောတွင် (၈)မိုင်ခန့်ဝေးသော ကာမိုင်းမြို့ဘက်မှ ဆေးဝါးဝယ်ယူ၍ ကုသပေးနေရကြောင်း သိရသည်။

ထို့အပြင် ဒေသခံစစ်ရှောင်များအနေဖြင့် စားနပ်ရိက္ခာအကြပ်အတည်းများကိုပါ ရင်ဆိုင်‌နေရပြီး ဆန်၊ ဆီနှင့် အဝတ်အထည်များလည်း လိုအပ်လျက်ရှိနေသည့်အတွက် ဘုရားကျောင်း တာဝန်ရှိသူများက ခွဲဝေထောက်ပံ့ပေးလျှက်ရှိကြောင်း သိရသည်။

အဆိုပါ စစ်ရှောင် အများစုမှာ မအူပင်ရွာမှ ဒေသခံများဖြစ်ပြီး၊ (၄)မိုင်ခန့်ဝေးသည့် လွယ်ဆိုင်ရွာဘက်သို့ စစ်ရှောင်လာကြရခြင်းဖြစ်သည်ဟု ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here