မုံရွာမြို့တွင် စားသုံးသူများ ကုန်စည်၊ ဝန်ဆောင်မှု လုံခြုံစိတ်ချရမှုရှိစေရေးဆွေးနွေး

0
112

စားသုံးသူများ ကုန်စည်၊ ဝန်ဆောင်မှု လုံခြုံစိတ်ချရမှုရှိစေရေးအလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ (၂၇)ရက်နံနက်ပိုင်းက မုံရွာမြို့ရှိ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို စားသုံးသူများ ကုန်စည်၊ ဝန်ဆောင်မှု လုံခြုံစိတ်ချရမှုရှိစေရေး၊ အစီအမံများချမှတ်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲမှ ဖော်ထုတ်ချက်များကိုပါ ဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။

“စားသုံးသူ လုံခြုံစိတ်ချရမှုရှိစေဖို့ အစီအမံတွေ ချမှတ်ဖို့ အလုပ်ရုံဆွေးနွေးပွဲ လုပ်တာပါ။ စားသုံးသူကာကွယ်ရေးဥပဒေမှာလည်း ဝန်ဆောင်မှုနဲ့ ပတ်သက်လို့လုပ်ငန်းရှင်တွေက အာမခံပေးရမယ့် အချက်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေလိုက်နာရမယ့် အချက်တွေကို ပြဌာန်းထားတာရှိပါတယ်။ ဒီအချက်တွေကိုလည်း သက်ဆိုင်ရာ စီးပွားရေး လုပ်ငန်းရှင်တွေက လိုက်နာဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးဟာ နယ်မြေကျယ်ဝန်းပြီး စီးပွားရေး အချက်အခြာကျတဲ့ ဒေသလည်းဖြစ်ပါတယ်။ ဒေသထွက်ကုန်တွေ၊ သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းတွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေစတဲ့ စီးပွားရေးလုပ်ငန်းတွေများစွာ ဆောင်ရွက်လျက်ရှိရာမှာ သက်ဆိုင်ရာကဏ္ဍအလိုက် ပြဌာန်းထုတ်ပြန်ထားတဲ့ဥပဒေတွေ၊ အမိန့်ညွှန်ကြားချက်တွေကို စီးပွားရေးလုပ်ငန်းရှင်တွေက လိုက်နာဆောင်ရွက်ကြစေဖို့၊ စားသုံးသူ ကာကွယ်ရေးအတွက် အစီအမံတွေကို ဆွေးနွေးဖော်ထုတ်နိုင်ဖို့ ဖြစ်ပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းကပြောသည်။

ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာမှ နစ်နာဆုံးရှုံးမှုများရှိ၍ တိုင်ကြားလာမှုအပေါ် စုံစမ်းစစ်ဆေးဖို့၊ ဘေးအန္တရာယ်ရှိသည်ဟု ထင်မြင်ယူဆရသည့် ကုန်စည် သို့မဟုတ်ဝန်ဆောင်မှုများကို စောင့်ကြည့်စစ်ဆေးနိုင်ရန် စားသုံးသူရေးရာ ဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများ ခန့်အပ်ဆောင်ရွက်လျက်ရှိကြောင်းလည်း ၎င်းကဆိုသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက အဖွင့်အမှာစကားပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ခေတ္တတိုင်းဒေသကြီးဦးစီးမှူး ဒေါ်ရီလင်းထွဋ်က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သ ည်။

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနညွှန်ကြားရေးမှူး ဦးသိန်းဟန်က ပုဂ္ဂလိကကဏ္ဍ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းစဉ်များ အကြောင်း၊အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး ဒေါ်ကြွယ်ကြွယ်ယုက အစားအသောက် နှင့်ဆေးဝါး၊ အလှကုန်များနှင့်ပတ်သက်၍ စားသုံးသူဘေးကင်းလုံခြုံမှု ဆိုင် ရာ အစီအမံများ၊ စစ်ကိုင်းတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်က MSMEs နှင့် ဆက်စပ်စားသုံးသူများအကြောင်း တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here