မြန်မာနိုင်ငံသည် ခေတ်အလိုက်တိုးတက်မှုများရှိခဲ့သော်လည်း အိမ်နီးချင်းနိုင်ငံများ၏ နောက်တွင် ကျန်ခဲ့ကြောင်း နစက ဥက္ကဋ္ဌ ပြောကြား

0
160

မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုပါက အချုပ်အခြာအာဏာပိုင် တည်တံ့ခိုင်မြဲသည့် ရေမြေပိုင်နက် နယ်နိမိတ်နှင့် ခိုင်မာသည့် သမိုင်းကြောင်းရှိပြီး ခေတ်အလိုက်တိုးတက်မှုများ ရှိခဲ့သော်လည်း ခေတ်ပြိုင်နိုင်ငံများဖြစ်သည့် အခြားနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံအချို့တို့၏ နောက်တွင် တဖြည်းဖြည်းကျန်ခဲ့သည်ကို တွေ့မြင်ရကြောင်းနိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။

ယနေ့ဖေဖေါ်ဝါရီ (၂၇) ရက် နံနက်ပိုင်းက နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား Video Conferencing ဖြင့် အမှာစကားပြောကြားစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ပညာရေးနှင့် ပတ်သက်၍လည်း အားနည်းချက်များရှိခဲ့သည့်အတွက် အခြားနိုင်ငံများနှင့်ရင်ဘောင်တန်းနိုင်မှု မရှိခဲ့ဘဲ နောက်တွင် ကျန်နေခဲ့ရပြီး ယင်းအချက် အလက်များကို အခြေခံ၍ သင်ခန်းစာဖော်ထုတ်ကာ နိုင်ငံ့အကျိုးအတွက်ဆောင်ရွက်ကြရန်လိုကြောင်းလည်း နစက ဥက္ကဋ္ဌက ဆိုသည်။

အဆိုပါ အမှာစကား ပြောကြားမှုတွင် လွတ်လပ်ရေးရရှိပြီး နောက်ပိုင်းကာလများ၌ လက်နက်ကိုင်ပဋိပက္ခများနှင့် စီးပွားရေးအယူဝါဒ ကွဲပြားခဲ့မှုအခြေအနေများ၊ ဆိုရှယ်လစ်စနစ်၌ စီမံခန့်ခွဲမှု အားနည်းချက်တို့ကြောင့် စီးပွားရေးကျဆင်းခဲ့ကာ အရေးအခင်းများဖြစ်ပေါ်ခဲ့ပြီး တိုင်းပြည်၏ အခြေအနေ ယိမ်းယိုင်လာခဲ့ကာ အချုပ်အခြာ အာဏာပြိုကွဲမည့် အခြေအနေနှင့် ရင်ဆိုင်လာခဲ့ရသဖြင့် ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် တည်ဆဲအစိုးရ၏ လုပ်ငန်းများ ရပ်တန့်ခဲ့ရသောကြောင့် တပ်မတော်က ဝင်ရောက်ထိန်းသိမ်း တာဝန်ယူဆောင်ရွက်ခဲ့ရသည့် အခြေအနေများကိုလည်း ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အပြင် ၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပွားခဲ့ချိန်၌ ဥပဒေနှင့်အညီဖြေရှင်းမှုများဆောင်ရွက်ပေးခဲ့ခြင်းမရှိခြင်းကြောင့်
နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံ့ တာဝန်များကိုထမ်းဆောင်ခဲ့ရမှုအခြေအနေများနှင့် ပတ်သက်၍လည်း ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်းချက်များနှင့် ဦးတည်ချက်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ ပညာတတ်လူသားအရင်းအ မြစ်ကောင်းများ မွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ နိုင်ငံတော်အတွက် အဓိကကျသည့် နိုင်ငံရေးမောင်းနှင်အား၊ စီးပွားရေးမောင်းနှင်အားနှင့် ကာကွယ်ရေးမောင်းနှင်အားများ ကောင်းမွန်စေရေး ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရမည့်အခြေအနေများနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ)ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ကျောင်းအုပ်ကြီး၊ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here