ဖားကန့်တွင် လျှပ်စစ်ကြေးကြိုးနှင့် ထရန်စဖော်မာ စပ်ဆက်ပစ္စည်းများ ဖျက်ဆီးခိုးယူခံရမှု အကြိမ်(၅၀)ခန့်ရှိပြီဖြစ်ဟု ဆို

0
176

ကချင်ပြည်နယ်တွင်လျှပ်စစ်မီးကြိုးများခိုးယူခံရမှုသည် ဖားကန့် ၊လုံးခင်းနှင့် ဆိုင်းတောင်ကျေးရွာများတွင် ပျောက်ဆုံးခိုးယူမှု အများဆုံး ဖြစ်ကြောင်း သိရသည်။

ဖားကန့်မြို့နယ်အတွင်းလျှပ်စစ်ကြေးကြိုးများနှင့် ထရန်စဖော်မာ စပ်ဆက်ပစ္စည်းများ ဖျက်ဆီးခိုးယူခံရမှု အကြိမ်ရေ(၅၀)ခန့်ရှိပြီဖြစ်ပြီး တန်ဖိုးအားဖြင့် ကျပ်သိန်း(၅၀၀)ခန့် ရှိကြောင်း ဖားကန့် မြို့နယ်လျှပ်စစ်တာဝန်ခံရုံးထံက သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ(၂၇)ရက် ညပိုင်း၌ လုံးခင်းကျေးရွာ အုပ်စု၊ အောင်ရာကျေးရွာရှိ (200) kVA Xmer တွင်တပ်ဆင်ထားသော 600V x1C x120mm2 Copper Cable (၄) ချောင်းခိုးယူခံရသည့်အပြင် ထရန်စဖော်မာတွင် တပ်ဆင်ထားသော 400 V Bushing Terminal (Copper)x 4 nos များကိုပါ ခိုးယူခံခဲ့ရကြောင်း သိရသည်။

အလားတူ လုံးခင်းကျေးရွာ ရပ်ကွပ်(၂) ဘုန်းကြီးကျောင်းအနီးရှိ (400) kVA ထရန်စဖော်မာတွင် တပ်ဆင်ထားသော 600V x 1C x240 mm2 Copper Cable (၂) ချောင်းကိုလည်း ခြံစည်းရိုး သော့များဖျက်၍ ခိုးယူခံခဲ့ရကြောင်း သိရသည်။

” ဖားကန့်မှာ အခုလ ဖေဖော်ဝါရီ (၂)ရက်တည်းက မီးတွေပြတ်နေတော့ သူခိုးတွေအတွက် အကြိုက်ဖြစ်နေတယ်။ ညဘက်မီးပြတ်နေတော့ အပြင်ဘယ်သူမှ မထွက်တော့ သူတို့အတွက် အခွင့်ကောင်းပေါ့။ အခုနောက်ပိုင်း ဖားကန့်မှာ လျှပ်စစ်ကြိုးတွေ တော်တော်များများ အခိုးခံနေရတယ်။ ပြန်ဝယ်တဲ့အဟောင်းဆိုင်တွေကို နှိမ်နင်းမှ ပပျောက်မယ်ထင်တယ်။ အခုတော့ ရပ်ကွက်ကင်းတွေ စောင့်ဖို့ တိုင်ပင်နေကြတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖားကန့်မြို့နယ် လျှပ်စစ်တာဝန်ခံရုံးက ရပ်ကွက် ကျေးရွာများရှိ ထရန်စဖော်များအနီးတစ်ဝိုက်တွင် နေထိုင်သောပြည်သူများအနေဖြင့် ထူးခြားဖြစ်စဉ်များရှိပါက မြို့နယ်လျှပ်စစ်ရုံး(သို့မဟုတ်) သက်ဆိုင်ရာ တာဝန်ရှိသူများသို့ ချက်ခြင်း အကြောင်းကြား ဆက်သွယ်ပေးရန် မေတ္တာရပ်ခံထားသည်။

ပြီးခဲ့သည့်  ဇန်နဝါရီလအတွင်းကလည်း အမျိုးသားတစ်ဦး လျှပ်စစ်မီးကြိုး ဖြုတ်ခိုးနေစဉ် လျပ်စစ်မီးလွှတ်သည့်အချိန်နှင့်ကြုံသဖြင့် ဓာတ်လိုက်‌ေ-သဆုံးမှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သေးသည်ဟု ဒေသခံတစ်ဦးက ရှင်းပြသည်။

လက်ရှိတွင် ဖားကန့်ဒေသအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ပျက်ဆီးသွားသော (၆၆၀)ကီလိုဝပ်ရှိ ဓာတ်အားလိုင်းနှင့် ဓာတ်တိုင်များ ကျိုးကျပျက်ဆီးနေမှုအတွက် ဖားကန့်လျှပ်စစ်တာဝန်ခံရုံးနှင့် မဟာဓာတ်အားလိုင်းမှူးရုံး (ဝိုင်းမော်)တို့ရှိဝန်ထမ်းများက ပြန်ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်လျှက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here