တိုက်ပွဲကြောင့် ပြိုကျခဲ့သော မိုးကောင်း – ဖားကန့် ဆက်သွယ်ထားသည့် (၆၆) ကီလိုဝပ် ဓာတ်အားလိုင်းတိုင်များ ပြန်လည် ထူထောင်

0
204

ကချင်ပြည်နယ်အတွင်း ဖားကန့်ဒေသတိုက်ပွဲအတွင်း ပြိုကျခဲ့သော မိုးကောင်း – ဖားကန့်ဆက်သွယ်ထားသည့် ဓာတ်အားလိုင်းတိုင်များကို ယမန်နေ့ ဖေဖော်ဝါရီ (၂၈) ရက်က ပြန်လည်ထူထောင်ပြုပြင်လျှက်ရှိကြောင်း ဖားကန့်မြို့နယ်လျှပ်စစ်တာဝန်ခံရုံးထံက သိရသည်။

အဆိုပါ ဓာတ်အားတိုင်များ ပြည်လည်ထူထောင်ခြင်း လုပ်ငန်းကို ယခုလ(၁၈) ရက်က စတင်ခဲ့သော်လည်း မိုးရွာသွန်းခဲ့ခြင်းကြောင့် အနည်းငယ်ကြန့်ကြာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဆက်တိုက်တော့ လုပ်နေကြပါတယ်။ ဟိုရက်က မိုးရွာသွားတော့ လုပ်ငန်း နည်းနည်းကြန့်ကြာသွားတာပေါ့။ အခု တိုင်ထောင်တာတွေပြီးတဲ့ဟာပြီး၊ မပြီးတာတွေ ဆက်လုပ်ပေါ့။ ဒီကြားထဲ လက်နက်ကြီးသံတွေကလည်း အခုရက်ပိုင်း ပြန်ကြားနေရတော့ စိုးရိမ်စိတ်တော့ ရှိနေတာအမှန်ပါဘဲ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဓာတ်အားတိုင်များကို မဟာဓာတ်အားလိုင်းမှူးရုံး (ဝိုင်းမော်) မှ ဝန်ထမ်းအင်အား (၂၁) ဦးနှင့် ဖားကန့်မြို့နယ် လျှပ်စစ်ဝန်ထမ်းများမှအင်အားပြည့် ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယခုလဆန်းပိုင်းက ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် မိုးကောင်း – ဖားကန့် ဓာတ်အားပေးနေသည့် (၆၆) KV ဓာတ်အားတိုင်များ လက်နက်ကြီးထိမှန်ကာ လျှပ်စစ်လိုင်းများပြတ်တောက်သွားရခြင်း ဖြစ်သည်။

လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများကြောင့် ဖားကန့် မြို့ပေါ်ရပ်ကွက်များ၊ ဆိုင်းတောင်၊ လုံးခင်းကျေးရွာများ၌ လျှပ်စစ်မီးပြတ်တောက်မှုများ ယနေ့အချိန်အထိ ဖြစ်ပေါ်‌နေသည်။

ဖားကန်မြို့နယ်အတွင်း လျှပ်စစ်မီး ပြတ်တောက်မှုများကြောင့် ဒေသခံများအတွက် ဖားကန့်မြို့ လျှပ်စစ်ရုံး ဝန်ထမ်းမိသာစုဝင်များ စုပေါင်းပြီး ငှက်ပျောတောရပ်ကွက်ရှိ လျှပ် စစ်ရုံးရှေ့တွင် မီးစက်နှိုးကာ ဖုန်းအားသွင်းရန်နှင့်အခြားလျှပ်စစ်ပစ္စည်းများကို အခမဲ့အားသွင်းနိုင်ရန် စီစဉ်ပေးထားကြောင်း သိရသည်။

ပုံစာ – ယမန်နေ့ ဖေဖော်ဝါရီ (၂၈)ရက်က ဓာတ်အားလိုင်းတိုင်များ ပြန်လည် ထူထောင်နေသည်ကို တွေ့ရစဉ်
ဓာတ်ပုံ – CJ


LEAVE A REPLY

Please enter your comment!
Please enter your name here