EV သုံးစွဲမှုများ မြင့်တက်လာပါက စက်သုံးဆီအတွက် နိုင်ငံခြားငွေ ကုန်ကျမှုနှင့် ပြည်သူများ၏ စက်သုံးဆီကုန်ကျစရိတ် လျှော့ချနိုင်မည်ဖြစ်

0
161

ပြည်တွင်း၌ EV ယာဉ်သုံးစွဲမှုများ မြင့်တက်လာပါက စက်သုံးဆီအတွက် နိုင်ငံခြား ငွေကုန်ကျစရိတ်များနှင့် ပြည်သူများ၏ စက်သုံးဆီကုန်ကျစရိတ်တို့ကိုပါ လျှော့ချနိုင်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျကပြောသည်။

EV Battery စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မူဝါဒ (မူကြမ်း) ရေးဆွဲခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကို (၂၈) ရက် နံနက်ပိုင်းတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၌ ကျင်းပစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

EV ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၅၀ ပြည့်နှစ်အထိ မူဝါဒများကို ချမှတ်ဆောင်ရွက်လျက်ရှိပြီး EV သုံးစွဲမှုများ မြင့်တက်လာပါက ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်‌ဆောင်ရာတွင် အထောက်အကူပြုစေကြောင်းလည်း ၎င်းကဆိုသည်။

ထို့အပြင် နိုင်ငံ့မြို့ကြီးများတွင် လေထုအရည်အသွေး ညွှန်းကိန်းများကို မြင့်မားစေပြီး ပြည်သူများအတွက် သန့် ရှင်းသော လေထုမှတဆင့် ကျန်းမာရေးကောင်းမွန်စေသည့် ဆုလာဘ်များကိုပါ တစ်ပါတည်း ရရှိနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

လက်ရှိတစ်နှစ်ကျော်ကာလအတွင်း ပြည်တွင်း၌ EV ယာဉ်အမျိုးမျိုးအစီးရေ (၅၀၀၀) ကျော် မှတ်ပုံတင်ထားကြောင်း ၊ယင်းအပြင် ပြည်တွင်း၌ EV ယာဉ်နှင့် ဆက်စပ်လုပ်ငန်းလုပ်ကိုင်ခွင့်ပြုပေးထားသည့်ကုမ္ပဏီ (၃၀) ရှိရာမှ လက်ရှိတွင် ကုမ္ပဏီ (၈၀) ကျော်အထိ လုပ်ငန်းလုပ်ကိုင်ခွင့်ပြုပေးထားကြောင်း အမျိုးသားအဆင့်လျှပ်စစ်သုံးမော်တော်ယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

EV ကဏ္ဍဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ EV Battery စွန့်ပစ်ပစ္စည်းများ ရှိလာမည်ဖြစ်ရာ နိုင်ငံ့ရေရှည် အကျိုး စီးပွားဖြစ်ထွန်းရန် မျှော်မှန်းကာ ဘက်ထရီများကို စွန့်ပစ်ခြင်းနှင့် ပြန်လည်အသုံးပြုခြင်းမှ ဖြစ်ပေါ်စေသော Environmental Footprint သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများကို ဖြေရှင်းရန်မူဝါဒများ၊ လုပ်ငန်းစဉ်များ ရေး ဆွဲချမှတ်ရန်လိုအပ်ပါကြောင်းလည်း ဒုဝန်ကြီးက ဆိုသည်။

သယံဇာတရင်းမြစ်များသည် အကန့်အသတ်ရှိသဖြင့် အချိန်မတိုင်မီ စွန့်ပစ်ခြင်းမှ ကြိုတင်ကာကွယ်မှု (Prevention)၊ ပထမသက်တမ်းတွင် EV အတွက် အသုံးပြုပြီး ဘက်ထရီဆဲလ်များကို ဒုတိယသက်တမ်းတွင် ပြန်ပြည့်မြဲစွမ်းအင်စနစ်များနှင့် လျှပ်စစ်ဓာတ်အားစနစ်ရှိ စွမ်းအင်သိုလှောင်စနစ်များအတွက် ပြန်လည်အသုံးပြုခြင်း (Reuse)၊ ဘက် ထရီများရှိ အဖိုးတန်ဓာတ်သတ္တုပစ္စည်းများကို ပြန်လည်ထုတ် ယူအသုံးချခြင်း (Recycling)၊ ပြန်လည်ရယူခြင်း (Recovery)၊ ဘက်ထရီများရှိ အဖိုးတန်ပစ္စည်းများ လုံးဝကုန်ဆုံးချိန်မှသာ စွန့်ပစ်ခြင်း (Disposal) တို့အတွက် လုပ်ငန်းစဉ်များအလိုက် စည်းမျဉ်းစည်းကမ်းနှင့် လိုက်နာရမည့် အချ က်များကို ရေးဆွဲရန်လိုအပ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here