လူကုန်ကူးခံရသူများ ပြန်လည်လက်ခံရေးနှင့် ပတ်သက်၍ ထိုင်း – မြန်မာ နှစ်နိုင်ငံ ဆွေးနွေး

0
169

(၂၉)ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ဖေဖေါ်ဝါရီ (၂၈) ရက်က ရန်ကုန်မြို့ရှိ Park Royal Hotel ၌ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး နှစ်နိုင်ငံ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

အဆိုပါအစည်းအဝေးတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ထိုင်းနိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံသား လူကုန်ကူးခံရသူများကို ဂေဟာတွင် လက်ခံစောင့်ရှောက်ခြင်း၊ ပြင်ပအလုပ်အကိုင်များ ရှာဖွေပေးခြင်း၊ ထောက်ပံ့ငွေနှင့် လျော်ကြေးငွေများရရှိအောင် ကူညီဆောင်ရွက်ပေးခြင်းတို့အတွက် လူကုန်ကူးခံရသူများ ကိုယ်စားကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။

ထို့အပြင် မြန်မာ – ထိုင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်း နိုင်ငံများအကြား စံပြနမူနာကောင်းဖြစ်ခဲ့ပြီး မြန်မာ – ထိုင်း နှစ်နိုင်ငံလူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ၏ အဓိကအပိုင်းတွင် ပါဝင်သည့် ကတိကဝတ်များကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟုလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် Ms. Sara Binyoh ကလည်း လူကုန်ကူးမှုပြဿနာသည် လူသားများ၏အခွင့်အရေးနှင့် လူ့ဂုဏ် သိက္ခာချိုးဖောက်စေသည့် ပြဿနာဖြစ်သည့်အတွက် ထိုင်းနိုင်ငံအစိုးရ အနေဖြင့် လူကုန်ကူးမှုပြဿနာ မဖြစ်ပေါ်စေရေးအတွက် ကာကွယ်တားဆီးနိုင်မည့် နည်းလမ်းများနှင့် ဖြစ်ပေါ်လာသည့် လူကုန်ကူးမှုပြဿနာများကို ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကိုပါ ကဏ္ဍအလိုက် ပြင်ဆင်မွမ်းမံဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် လူကုန်ကူးခြင်းခံရသူများကို ထိုင်းနိုင်ငံ အစိုးရအနေဖြင့် ဥပဒေ၊ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းနှင့်အညီ ကြည့်ရှုစောင့်ရှောက်ထားကြောင်းလည်း ပြောကြားခဲ့သည်။

အဆိုပါ (၂၉)ကြိမ်မြောက် မြန်မာ – ထိုင်း လူကုန်ကူးခံရသူများကို ပြန်လည်လက်ခံရေးနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေးတွင် အစည်းအဝေးဆုံးဖြတ်ချက် (၁၃)ချက် အတည်ပြုနိုင်ခဲ့‌ကြောင်း နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here