ဂျပန်က ဆူနာမီဒဏ်သင့် နျူကလီးယားဓါတ်ပေါင်းဖိုအတွင်းကို ဒရုန်းအသေးစားတွေနဲ့ စက်ရုပ်မြွေလွှတ်ကာ လေ့လာ

0
112

ဂျပန်နိုင်ငံရဲ့ ၂၀၁၁ ခုနှစ် ဆူနာမီလှိုင်းဒဏ်သင့် ဖူကူရှီးမား နျူဓါတ်အားပေးစက်ရုံရဲ့ နျူကလီးယား ဓါတ်ပေါင်းဖို သုံးခုအနက် တစ်ခုအတွင်းကို ဒရုန်းအသေးစားနှစ်စင်းနဲ့ မြွေပုံသဏ္ဍာန်စက်ရုပ်တစ်ရုပ်ကို ကြာသပတေးနေ့ (ဖေဖော်ဝါရီ ၂၉) မှာ စေလွှတ်ခဲ့တယ်လို့ စက်ရုံကို စီမံခန့်ခွဲတဲ့ ကုမ္ပဏီက ပြောဆိုပါတယ်။

ရေဒီယိုသတ္တိကြွလောင်စာတွေနဲ့ အပျက်အစီး တန်ချိန်ရာနဲချီကို ဖယ်ရှားရှင်းလင်းရေး ကြိုတင်ပြင်ဆင်မှုအဖြစ် ယင်းကိရိယာတွေကို စေလွှတ်ခဲ့တာဖြစ်ပြီး အဆိုပါရှင်းလင်းရေးလုပ်ငန်းစဉ်ဟာ ဆယ်စုနှစ်ချီကြာမြင့်နိုင်တဲ့ အန္တရာယ်များသော စီမံချက်တစ်ခုဖြစ်ပါတယ်။

“မနေ့က ဒရုန်းနှစ်စင်း လွှတ်ထားတယ်၊ ဒီနေ့တော့ ဒရုန်းနှစ်စင်းအပြင် မြွေပုံစံ စက်ရုပ်တစ်ခုပါ စေလွှတ်လိုက်တာပါ” လို့ တိုကျိုလျှပ်စစ်စွမ်းအား ကုမ္ပဏီ(TEPCO) က AFP ကို ပြောဆိုခဲ့ပါတယ်။

ဓါတ်ပေါင်းဖို အတွင်းပိုင်းဟာ ကျဉ်မြောင်းပြီး မှောင်မည်းနေတာဖြစ်လို့ သေးငယ်တဲ့ ဒရုန်းတွေကို ထိန်းကျောင်းပျံသန်းနိုင်မှု နဲ့ ဓါတ်ပုံရိုက်ကူးနိုင်မှုစွမ်းရည် မြှင့်တင်ပေးထားတယ်လို့ ကုမ္ပဏီက ပြောဆိုပါတယ်။

နျူဓါတ်ပေါင်းဖို အဆောက်အအုံတွေရဲ့ အတွင်းပိုင်းဟာ လူတွေဝင်ရောက်ဖို့ရာ ရေဒီယို သတ္တိကြွမှုအရမ်းမြင့်တာကြောင့် လောင်စာတွေနဲ့ အပျက်အစီးတွေကို စက်ရုပ်တွေက မဖယ်ရှားမီ ဒရုန်းတွေကို စေလွှတ်လေ့လာခြင်းဖြစ်ကြောင်း သိရပါတယ်။

TEPCO ဟာ လောင်စာအပျက်အစီး အနည်းငယ်ကို အောက်တိုဘာလမှာ အစမ်းသဘော ဖယ်ရှားရှင်းလင်းဖို့ စီစဉ်နေပါတယ်။ TEPCO ဟာ ယခင်က ရေအောက်စက်ရုပ်တစ်ခုစေလွှတ်ပြီး တစ်ဝက်တစ်ပျက် ရေအောက်ရှိနေဆဲဖြစ်တဲ့ ဓါတ်ပေါင်းဖို အဆောက် အအုံရဲ့ အစိတ်အပိုင်းတွေကို စစ်ဆေးမှုလုပ်ခဲ့ကြောင်း ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့ပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here