တောင်ကိုရီးယားရဲတပ်ဖွဲ့က ဆရာဝန်များအသင်းရုံးများ အား ဝင်ရောက်စီးနင်းခဲ့

0
203

ဆိုးလ်၊မတ် ၁

အစိုးရဆေးရုံများ၌ မငြိမ်မသက်ဖြစ်စေသည့် ဆရာဝန်များ၏သပိတ်ကို ဆန့်ကျင်တုန့်ပြန်သည့်အနေဖြင့် မတ်လ ၁ ရက်တွင် ကိုရီးယား ဆရာဝန်များအသင်းရုံးများကို စီးနင်းဝင်ရောက်ခဲ့သည်ဟု တောင်ကိုရီးယားရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

တောင်ကိုရီးယားရှိ အငယ်တန်းဆရာဝန် ၁၀,၀၀၀ နီးပါးသည် ဆရာဝန်ရှားပါးမှုနှင့်သက်ကြီးရွယ်အို အများအပြားရှိသည့် ပြသနာအား ဖြေရှင်းရန်အတွက် ဆေးကျောင်းဝင်ခွင့်များ တိုးမြှင့်ပေးမည့် အစိုးရ၏အစီအစဉ်ကို ကန့်ကွက်ဆန္ဒပြကြပြီး ပြီးခဲ့သည့်အပတ်က လုပ်ငန်းခွင်များမှထွက်ကာ ဆန္ဒပြခဲ့ကြခြင်းလည်းဖြစ်သည်။

ဆန္ဒပြဆရာဝန်များအား အစိုးရက ဖေဖော်ဝါရီ ၂၉ ရက်နောက်ဆုံးထားပြီး လုပ်ငန်းခွင်ပြန်ဝင်ရန်ညွှန်ကြားထားကာ မလိုက်နာပါက ဆေးကုသခွင့်လိုင်စင်ရုတ်သိမ်းခြင်းအပါအဝင် ဖမ်းဆီးခံရခြင်းစသည့် ဥပဒေအကျိုးဆက်များကိုရင်ဆိုင်ရမည်ဖြစ်ကြောင်းလည်းဆိုခဲ့သည်။

သို့သော် သတ်မှတ်ရက်မတိုင်မီ လုပ်ငန်းခွင်ပြန်ဝင်သည့်ဆရာဝန်အရေအတွက်မှာ ၅၆၅ ဦးသာရှိသည်ဟုလည်း ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။

ဆရာဝန်များ အစုလိုက်အပြုံလိုက် အလုပ်များရပ်နားထားခြင်းကြောင့် ဆေးရုံများ၌ လုပ်ငန်းထိခိုက်မှုများရှိလာခဲ့ပြီး အစိုးရအနေနှင့် ပြည်သူ့ကျန်းမာရေးသတိပေးချက်ကို အမြင့်ဆုံးအဆင့်အထိ မြှင့်တင်ရန်လည်းလှုံ့ဆော်ခဲ့သည်။

အဆိုပါဆန္ဒပြမှုများကြောင့်ပင် တောင်ကိုရီးယား၏ အဓိကဆေးရုံ ၁၅ ရုံ၌စီစဉ်ထားသည့် ခွဲစိတ်မှု ထက်ဝက်ခန့်သည်လည်း ပြီးခဲ့သည့်သီတင်းပတ်ကတည်းက ဖျက်သိမ်းလိုက်ရကြောင်း ကျန်းမာရေးဝန်ကြီးဌာနအရသိရသည်။

ဆိုးလ်ရှိ ရဲများကလည်း သောကြာနေ့တွင် ကိုရီးယားဆရာဝန်များအသင်း (KMA) ကို ဝင်ရောက်စီးနင်းခဲ့ကြောင်းအတည်ပြုခဲ့ပြီး လူနာများဘက်သို့ကြည့်ကာ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်လာသည့် ဆရာဝန်များအားလည်းကျေးဇူးတင်ကြောင်း ကျန်းမာရေးဝန်ကြီးကပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here