ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများ သီလဝါဆိပ်ကမ်းသို့ ပုံမှန်ဝင်ရောက်လျက်ရှိနေ

0
172

အများပြည်သူများအနေဖြင့် ကောလာဟလသတင်းများကြောင့် စက်သုံးဆီပြတ်လပ်မည်ကို စိုးရိမ်ပူပန်ပြီး လိုအပ်သည်ထက် ပိုမိုဝယ်ယူရန် မလိုအပ်

ပြည်ပမှစက်သုံးဆီတင်သင်္ဘောများ သီလဝါဆိပ်ကမ်းသို့ ပုံမှန်ဝင်ရောက်လျက်ရှိနေပြီး ပုံမှန်အတိုင်း ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

ပြည်ပမှ မှာယူထားသည့်စက်သုံးဆီတင်သင်္ဘောများသည် စီစဉ်ထားသည့်အတိုင်း ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းဒေသသို့ ပုံမှန်အဆက်မပြတ် ဝင်ရောက်လျက်ရှိပြီး သိုလှောင်ကန်များအတွင်းသို့ စက်သုံးဆီများ ချယူဖြည့်တင်းလျက်ရှိကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ စက်သုံးဆီအရောင်းဆိုင်များသို့ စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးလျက်ရှိရာ ဖေဖော်ဝါရီ (၂၉) ရက်တွင် ဆီတင်ယာဉ် (၁၁၇၅) စီးဖြင့် ၉၂ ဂါလန် (၁၂) သိန်းကျော်၊ ၉၅ ဂါလန် (၄) သိန်းကျော်၊ ဒီဇယ်ဆီဂါလန် (၉) သိန်းကျော်၊ ပရီမီယံဒီဇယ်ဆီဂါလန် (၁၂) သိန်းကျော်ဖြည့်တင်းပေးနိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် သီလဝါဆိပ်ကမ်းဒေသ သိုလှောင်စခန်းများတွင်လည်း စက်သုံးဆီအလုံအလောက်ရှိပြီး နေ့စဉ်ဖြန့်ဖြူးပေးလျက်ရှိသည့်အတွက် အများပြည်သူအနေဖြင့် ကောလာဟလသတင်းများကြောင့် စက်သုံးဆီပြတ်လပ်မည်ကို စိုးရိမ်ပူပန်ပြီး လိုအပ်သည်ထက် ပိုမိုဝယ်ယူရန် မလိုအပ်ဘဲ ပုံမှန်သုံးစွဲမှုအတိုင်း စိတ်အေးချမ်းသာစွာ ဝယ်ယူရရှိ‌နိုင်ကြောင်း နစက မှ အသိပေးထားသည်။

ယခုတစ်ပါတ်အတွက် စက်သုံးဆီ လက်ကားရည်ညွှန်းဈေးအရ ၉၂ ဓာတ်ဆီ တစ်လီတာ ၂၇၁၅ ကျပ်၊ ၉၅ ဓာတ်ဆီ တစ်လီတာ ၂၈၃၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၄၈၅ ကျပ်၊ ပရီမီ ယံဒီဇယ် တစ်လီတာကို ၂၅၃၄ ကျပ်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here