အထွက်နှုန်းကျဆင်းနေသည့် ရေနံတွင်းဟောင်းများကို သုတေသနပြု၍ အဖျောက်နှင့် မအူပင်ရေနံနှင့်သဘာဝဓာတ်ငွေ့မြေတို့မှ သဘာဝဓာတ်ငွေ့များတိုးထုတ်

0
104

အဖျောက်နှင့် မအူပင်ရေနံနှင့် သဘာဝဓာတ်ငွေ့မြေတို့မှ သဘာဝဓာတ်ငွေ့များ တိုးတက်ထုတ်လုပ်နိုင်ခဲ့သဖြင့် ဓာတ်မြေ ဩဇာစက်ရုံများနှင့် အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍတို့သို့ ပိုမိုဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်ကြောင်းစွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်ရှိ အမှတ် (၄) ဓာတ်မြေဩဇာစက်ရုံ (မြောင်းတကာ) ၏ စက်ပြုပြင်မွမ်းမံနေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြည်‌ ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

ယူရီးယားဓာတ်မြေဩဇာ ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သော ကုန်ကြမ်းသဘာဝဓာတ်ငွေ့တိုးမြှင့် ဖြည့်ဆည်းပေးနိုင်ရန် အထွက်နှုန်းကျဆင်းနေသည့် ရေနံမြေများမှ တွင်းဟောင်းများကို သုတေသနပြု၍ အဖျောက်နှင့် မအူပင်ရေနံနှင့်သဘာဝဓာတ်ငွေ့မြေတို့မှ သဘာဝဓာတ်ငွေ့များတိုးတက် ထုတ်လုပ်နိုင်ခဲ့သဖြင့် ဓာတ်မြေဩဇာစက်ရုံများနှင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍတို့သို့ ပိုမိုဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ဓာတ်မြေဩဇာစက်ရုံများအနေဖြင့်လည်း အကန့်အသတ်ဖြင့် ရရှိလာသည့် သဘာဝဓာတ်ငွေ့များအား အကျိုးရှိထိရောက်စွာ အသုံးပြု၍ အရည်အသွေးပြည့်မီသည့် ဓာတ်မြေဩဇာများထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်းလည်း ၎င်းကဆိုသည်။

ယခုစက်ရုံအား ၂၀၁၀ ပြည့်နှစ်မှ စတင်လည်ပတ်ခြင်းဖြစ်ပြီး Chemical Plant များ၏ သဘောသဘာဝအရ စက်ရုံအကြီးစားပြင်ဆင်ခြင်း (Renovation) ဆောင်ရွက်ရမည့်ကာလသို့ ရောက်ရှိနေပြီဖြစ်သဖြင့် အကြီးစားပြင်ဆင်နိုင်ရေး အစီအမံများချမှတ်ဆောင်ရွက်နေပြီး စက်ရုံအား စနစ်တကျပြင်ဆင်ပြီးစီးပါက စက်စွမ်းအားပြည့်လည်ပတ်ပြီး အရည်အသွေးကောင်းမွန်သည့် ယူရီးယားဓာတ်မြေဩဇာများ စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here