ယူကရိန်းသို့ စစ်တပ်များမပို့ကြရန် ပါရီ အစည်းအဝေးသို့ တက်ရောက်သော အနောက်နိုင်ငံများက သဘောတူညီ

0
164

ဖေဖော်ဝါရီ ၂၆ ရက်က ပါရီမြို့တွင် ကျင်းပခဲ့သည့် အစည်းအဝေးတွင် ယူကရိန်းကို စစ်တပ်များ မစေလွှတ်ရန် အနောက်နိုင်ငံများက သဘောတူခဲ့ကြကြောင်း ကနေဒါကာကွယ်ရေးဝန်ကြီး ဘီလ်ဘလဲက တိုရွန်တိုစတား သတင်းစာကို ပြောကြားသည်။

သူ့အဆိုအရ ယူကရိန်း၏ မဟာမိတ်များသည် ယူကရိန်း စစ်မှုထမ်းအဖွဲ့ဝင်များအား မိမိတို့နိုင်ငံ၏ပိုင်နက်များသို့ခေါ်ယူကာ အနောက်နိုင်ငံမှ တပ်ဖွဲ့ဝင်များက လေ့ကျင့်ပေးနိုင်ရေး ဖြစ်နိုင်/မဖြစ်နိုင်ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ “ကျွန်တော်တို့ ယူကရိန်းနိုင်ငံသားတွေအတွက် အရာရာကို လေ့ကျင့်ပေးနေပါတယ်၊ ဒါပေမယ့် ဒီလေ့ကျင့်ရေးက စိန်ခေါ်မှုအချို့ရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်”ဟု ကနေဒါကာကွယ်ရေးဝန်ကြီးက ပြောကြားသည်။

ယူကရိန်းတိုက်ခိုက်ရေးသမားများအား မိမိတို့နိုင်ငံပိုင်နက်တွင် လေ့ကျင့်ပေးခြင်းအားဖြင့် အချို့သောနိုင်ငံများက အမြင်တိမ်းစောင်းစွာ ရှုမြင်ခံရမည်ကို အနောက်နိုင်ငံများက စိုးရိမ်ကြကြောင်း ဝန်ကြီး၏အဆိုအရ သိရသည်။

ဖေဖော်ဝါရီ ၂၆ ရက်က ပြင်သစ်သမ္မတ အင်မန်နျူယယ်မိုက်ခရွန်နှင့် အနောက်နိုင်ငံ ၂၀ ခန့်မှ ကိုယ်စားလှယ်များသည် ရုရှားနှင့် ပဋိပက္ခဖြစ်ပွားနေသော ယူကရိန်းအတွက် နောက်ထပ်အကူအညီများနှင့်ပတ်သက်၍ ပါရီမြို့တွင် ဆွေးနွေးခဲ့ကြရာ ဆွေးနွေးမှုအပြီးတွင် တက်ရောက်ကြသော ကိုယ်စားလှယ်များသည် ယူကရိန်းသို့ တပ်ဖွဲ့ဝင်များ စေလွှတ်ရန် အစီအစဉ်မရှိကြောင်းနှင့် ရုရှားနိုင်ငံအပေါ် ရန်လိုမှုများတွင် ပါဝင်ခြင်းကိုလည်း ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ယူကရိန်းအတွက် လက်နက်များထောက်ပံ့ရန်အသုံးပြုမည့် ဒေါ်လာ ၁၈ သန်းအား ဥရောပငြိမ်းချမ်းရေး အဆောက်အအုံ(European Peace Facility)သို့ လွှဲပြောင်းပေးရန်ကို ဟန်ဂေရီအစိုးရက ငြင်းဆိုခဲ့ပြီး၊ ယင်းအစား အာဖရိကရှိ ချဒ်(Chad)နိုင်ငံ၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန်အတွက်သာလျှင် အသုံးပြုသွားမည်ဖြစ်ကြောင်း ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး Peter Szijjarto ကလည်း မကြာသေးမီက ပြောကြားခဲ့သည်။

နေတိုးစစ်မဟာမိတ်အဖွဲ့ အထွေထွေအတွင်းရေးမှူး Jens Stoltenberg က အေပီသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းရာတွင် နေတိုးစစ်မဟာမိတ်အဖွဲ့သည် ယူကရိန်းသို့ ၎င်း၏ တပ်ဖွဲ့ဝင်များစေလွှတ်ရန် အစီအစဉ်မရှိကြောင်း မကြာသေးမီကပင် ပြောကြားခဲ့သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here