လွယ်‌ဆိုင်ရွာတွင် ခိုလှုံနေသည့် စစ်ရှောင်များအား အကူအညီပေးရန် UNHCR စာရင်းများ ကောက်ယူလျှက်ရှိ

0
99

ဖားကန့်မြို့နယ်၊ လွယ်ဆိုင်ရွာအတွင်း စစ်ရှောင်နေကြရသည့် ဒေသခံပြည်သူများအား အကူအညီပေးအပ်ရန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က အိမ်ထောင်စုစာရင်းများကောက်ယူလျှက်ရှိကြောင်း ဒေသခံ စစ်ရှောင်အရေးဆောင်ရွက်နေသူ ဦးဘရောင်နူးက ယနေ့တွင်ပေါ်ပြူလာနယူးစ်ကို ပြောသည်။

“စာရင်းအရ ဆိုရင် အားလုံးအိမ်ထောင်စု(၁၉)စု လောက်ကို စာရင်းကောက်သွားပါတယ်။ အိမ်မီးလောင်ဆုံးရှုံးတဲ့သူတွေပေါ့။ ဒီမှာက လူဦးရေ (၁၈၇)ဦးလောက် ခိုလှုံနေကြတာ။ အကုန်လုံးက မအူပင်ရွာက ဒေသခံတွေပါ”ဟု ၎င်းက ပြော သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မအူပင်ရွာအနီး တိုက်ပွဲများဖြစ်ပွားခဲ့သည့် အတွက် ယင်းဒေသနေ ပြည်သူများမှာ (၄)မိုင်ခန့်ဝေးသော လွယ်ဆိုင်ရွာသို့ စစ်ရှောင်နေကြရခြင်း ဖြစ်သည်။

လက်ရှိတွင် အသက် (၅)နှစ်အရွယ် ကလေးငယ်များနှင့် အသက် (၆၀) ဝန်းကျင်ရှိ သက်ကြီးဘိုးဘွားများ ကျန်းမာရေး ချို့တဲ့နေကြပြီး၊ ဆေးဝါးနှင့် ဆေးကုသမှုခံယူရန်လိုအပ်လျှက်ရှိသည်ဟု ဆိုသည်။

“ဖြစ်နေကြတာ ကြာပြီ၊ အသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါလို့ထင်တယ်။ ဒီမှာက ဆေးခန်းလည်းမရှိဘူး။ ရှိတဲ့ဆေးခန်းလေးတစ်ခန်းကလည်း အဝေးကြီးသွားရတာ။ လာကူညီတဲ့ဆေးဝါးတွေကလည်း လိမ်းဆေးလောက်နဲ့ အကိုက်အခဲပျောက်ဆေးလောက်ဆိုတော့ မထိရောက်ဘူး။ ထိရောက်မယ့်ဆေးဝါးကုသမှုနဲ့ ဆေးဝါးလိုအပ်ပါတယ်။ ဖြစ်နေကြတာက ကြာပြီ။ ဆေးသောက်‌လိုက် သက်သာလိုက် ပြန်ဖြစ်လိုက်နဲ့ ပိုဆိုးဝါးလာတယ်”ဟု ရှင်းပြသည်။

လက်ရှိတွင် မအူပင်ရွာ စစ်ရှောင်များအနေဖြင့် လွယ်ဆိုင်ကျေးရွာရှိ ကက်သလစ် ခရစ်ယာန်ကျောင်း၊ နှစ်ခြင်းခရစ် ယာန်ကျောင်းနှင့် သထန်ယန်ကျေးရွာတို့တွင် အုပ်စု (၃)စု ခွဲ၍ စစ်ရှောင်နေကြရကြောင်း သိရသည်။

အဆိုပါ ဒေသတွင် တိုက်ပွဲများပြန်လည်ငြိမ်သက်နေပြီဖြစ်သော်လည်း လုံခြုံရေးစိတ်မချရသည့်အတွက် နေရပ်ပြန်ခြင်းမျိုးမရှိသလို ၊ အချို့စစ်ရှောင်များမှာ နေအိမ်မီးလောင်ဆုံး ရှုံးခဲ့ရသည့်အတွက် အိုးမဲ့အိမ်မဲ့ အခြေအနေနှင့် ကြုံတွေ့နေရသည်ဟု ဆိုသည်။

ထို့အပြင် စားနပ်ရိက္ခာ နည်းပါးလာပြီဖြစ်သောကြောင့် အဓိကဆန်နှင့် စားသောက် စရာများ အရေးပေါ်လိုအပ်လာနေပြီဖြစ်ကြောင်း ဦးဘရောင်နူးက ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here