စီခမ်းကြီးရွာအနီး တိုက်ပွဲကြောင့် မက်လင်ရွာ အိမ်ထောင်စု အချို့ တိမ်းရှောင်ရ

0
141

ကချင်ပြည်နယ်၊ မံစီမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် မက်လင်ရွာရှိ အိမ်ထောင်စု(၁၇)စုမှာ မတ်လ (၁)တွင် ထပ်မံ၍ စစ်ဘေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံစစ်ရှောင်အရေးဆောင်ရွက်နေသူတစ်ဦး က ပြောသည်။

အဆိုပါ စစ်ရှောင်အိမ်ထောင်စု (၁၇)စုမှာ တိုက်ပွဲကြောင့် စစ်ရှောင်တိမ်းချင်သည်ဟု ပြောကြားလာသည့်အတွက် ဟန်းတဲရွာရှိ စေတီကုန်းပေါ်တွင် ခိုလှုံရန် ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

ယင်း ဒေသခံစစ်ရှောင် အိမ်ထောင်စု (၁၇)စုအတွက် စားသောက်စရာ၊ အဝတ်အထည်၊ စောင်၊ ခြင်ထောင်နှင့် အိုးခွက်များ အကူအညီ လိုအပ်နေကြောင်း သိရသည်။

ပြီးခဲ့သော ဖေဖော်ဝါရီလ (၁၈) ရက်တွင် လည်း မံစီမြို့နယ်၊ စီခမ်းကြီးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံပြည်သူ (၁၇၄၁)ဦးခန့် စစ်တိမ်းရှောင်ခဲ့ကြရသည်။

စီခမ်းကြီးရွာအနီး တိုက်ပွဲကြောင့် လက်ရှိတွင် ဒေသခံ စစ်ရှောင်ပြည်သူများမှာ ဗန်းမော်မြို့သိမ်မဟာကျောင်းတိုက်နှင့် သုခဝတီကျောင်းတိုက်တို့တွင် လူဦးရေ (၁,၀၀၀)ခန့် ၊ မံသာကျေးရွာ သာသနာ့အလင်းရောင်ကျောင်းတိုက်တွင် ဦးရေ (၇၄၁)ဦးခန့် နှင့် ဟန်းတဲရွာရှိ စေတီကုန်းပေါ်တွင် အိမ်ထောင်စု (၁၇)စု ထပ်မံ တိမ်းရှောင်နေကြရကြောင်း သိရသည်။

ဒေသခံစစ်ရှောင်များမှာ စီခမ်းကြီးရွာနှင့် အနီးပတ်ဝန်းကျင်ရွာများဖြစ်သည့် စီကော်၊ သံတံတား၊ မက်လင်ရွာများရှိ ဒေသခံပြည်သူများဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်း ပြီးခဲ့သော ဇန်နဝါရီလအတွင်း တပ်မတော်နှင့် KIA လက်နက်ကိုင် ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ ဖားကန့် ဝှေခါကျေးရွာ ဒေသခံများအပါအဝင် မိုးညှင်းခရိုင် လွယ်ဆိုင်ရွာနှင့် ယခု မံစီမြို့နယ် စီခမ်းကြီးရွာတို့ရှိ ဒေသခံထောင်နှင့်ချီ၍ စစ်ဘေး တိမ်းရှောင် နေကြရခြင်းဖြစ်သည်။

ဓာတ်ပုံ – သုညသုခ ပရဟိတ အသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here