ထိုင်းလွှတ်တော်တွင် ပြုလုပ်သည့် မြန်မာ့အရေးဆွေးနွေးပွဲကို မြန်မာအစိုးရ ကန့်ကွက်စာပို့

0
205

ထိုင်းနိုင်ငံ လွှတ်တော်က ဦးဆောင်ကျင်းပသည့် မြန်မာ့အရေး ဆွေးနွေးပွဲကို အပြင်းအထန် ကန့်ကွက်ကြောင်း နှင့် နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြားစေမည့် အပြုအမူမျိုးကို ထိန်းသိမ်းပေးရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနထံ မြန်မာအစိုးရက စာပို့ကန့်ကွက်ခဲ့ကြောင်း သိရသည်။

“အာဏာသိမ်းပြီး (၃) နှစ်အကြာ” လို့ အမည်တပ်လုပ်ဆောင်ခဲ့သည့် အဆိုပါ မြန်မာ့အရေး ဆွေးနွေးပွဲသည် မြန်မာ – ထိုင်း နှစ်နိုင်ငံ၏ လက်ရှိ ရှိရင်းစွဲ ဆက်ဆံရေးကို အနှုတ်လက္ခဏာဆောင်စေကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဌာနက ပေးပို့သည့် ကန့်ကွက်စာတွင် ဖော်ပြထားသည်။

မတ်လ (၂) ရက်နှင့် (၃) ရက်တွင် ကျင်းပမည့် မြန်မာ့အရေး ထိုင်းလွှတ်တော်ဆွေးနွေးပွဲကို ထိုင်းအတိုက်အခံပါတီ Move Forward မှ ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ပါတီခေါင်းဆောင် ပီတာလင်ဂျာရိုရတ်အပါအဝင် ဖွေထိုင်းပါတီမှ ခေါင်းဆောင်များလည်း ဝင်ရောက်ဆွေးနွေးကြမည်ဖြစ်သည်။

မူလက ယမန်နေ့ ဆွေးနွေးပွဲသို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီ တက်ရောက် ဆွေးနွေးရန် အစီအစဉ်ရှိခဲ့သော်လည်း လာရောက်ခဲ့ခြင်း မရှိကြောင်း ထိုင်းသတင်းရင်းမြစ်များထံမှ သိရသည်။

ယင်း ဆွေးနွေးပွဲသို့ NUG နိုင်ငံခြား ရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဦးကျော်မိုးထွန်း၊ KNU နှင့် NUCC ကိုယ်စားပြုသူများလည်း ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယင်း ဆွေးနွေးပွဲနှင့် ပတ်သက်၍ “လက်ရှိ နွေးထွေးသော ဆက်ဆံရေးကို ထိခိုက်စေမည့် မည်သည့်လုပ်ဆောင်မှုကိုမဆို အနာဂတ်တွင် မလုပ်ဆောင်ရန် ၎င်းတို့ကို အသိပေးစေလိုသည်” ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနထံ ပေးပို့သည့် မြန်မာအစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ကန့်ကွက်စာတွင် ဖော်ပြထားသည်။

ထို့အပြင် မြန်မာအစိုးရ၏ စိုးရိမ်ပူပန်မှုများကို ထိုင်းလွှတ်တော်သို့တဆင့် ပြောကြားပေးရန်လည်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနသို့ အကြောင်းကြားထားသည်ဟုသိရသည်။

အဆိုပါ မြန်မာ့အရေး ဆွေးနွေးပွဲကို ယနေ့မတ်လ (၃) ရက်တွင်လည်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here