(၂)လအတွင်း နိုင်ငံတစ်ဝှမ်း မီးလောင်မှုအကြိမ်ရေ (၂၀၀)ကျော်ဖြစ်ပွားခဲ့

0
185

၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ (၂) လတာကာလအတွင်း နိုင်ငံတစ်ဝန်း မီးလောင်ကျွမ်းမှု အကြိမ်ရေ (၂၅၁)ကြိမ် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ဖော်ပြထားသော မီးလောင်ကျွမ်းမှုနှင့် ပတ်သက်သည့် စာရင်းအချက်အလက်များက‌ဖော်ပြနေသည်။

အဆိုပါ မီးလောင်ကျွမ်းမှုများတွင် ရန်ကုန် ၊ မန္တလေး ၊ ပဲခူး ၊ ဧရာဝတီ ၊ မကွေး၊ စစ်ကိုင်း ၊ ရှမ်း၊ ကချင် ၊ မွန်၊ တနင်္သာရီ  ၊ ရခိုင် စသည့် ပြည်နယ်နှင့် တိုင်းတို့တွင် အဖြစ်များခဲ့ပြီး ကျန်ဒေသများတွင်လည်း မီးလောင်ကျွမ်းမှုအနည်းငယ်စီ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ စာရင်းများအရ သိရသည်။

ထို့အပြင် အဆိုပါ မီးလောင်ကျွမ်းမှုများအနက် တောမီး၊ ကိုင်းမီး၊ မြက်ခြောက်မီးနှင့် အမှိုက်ပုံများမှတဆင့် မီးလောင်ကျွမ်းမှုအရေအတွက်သည် (၆၁) ကြိမ်ခန့် အထိ ရှိခဲ့ကြောင်း သိရသည်။

အမှိုက်ပုံမီးလောင်မှုများအနက် အထင်ကရမှာ ရန်ကုန်မြို့ ထိန်ပင် အမှိုက်ပုံနှင့် ပဲခူးမြို့ ဆင်ဖြူကွင်း အမှိုက်ပုံတို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ယင်းကာလအတွင်း ကားမီးလောင်မှု အကြိမ်အရေအတွက်မှာလည်း (၁၀) ကြိမ် ဖြစ်ပွားခဲ့ကာ စက်တပ်လှေနှစ်စီးအပါအဝင် ဆီတင်သ‌င်္ဘောတစ်စီးလည်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။

မီးလောင်မှုများသည် လေထုညစ်ငြမ်းမှုအကြောင်းရင်းများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။

စနေနေ့က ကမ္ဘာ့လေထုညစ်ညမ်းမှု အဆိုးဆုံးမြို့ကြီးများစာရင်း ထုတ်ပြန်ရာမှာ ရန်ကုန် ပဉ္စမမြောက် အဆိုးဆုံးဖြစ်နေသည်။

လေထုအရည်သွေးညွှန်းကိန်းများမှာ ကာလ်က္တား( ၂၁၅)၊ ဘင်္ဂလားဒေ့ရှိ ဒါကာ (၁၉၆) ၊ ပါကစ္စတန်မှ လာဟိုး(၁၈၄)၊ နီပေါ၏ ခတ္တမန္ဒူ (၁၈၀)၊ ရန်ကုန်(၁၇၄)၊ ဘစ်ရှ်ကက်(ကာဂျစ္စတန်)(၁၅၇)၊ ကရာကော(ပိုလန်) ၁၅၄ နဲ့ ချင်းမိုင် (၁၅၃)တို့ အဆင့်အလိုက် အသီးသီးရှိနေကြောင်း USAQI ကထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here