(၁၁) လတာကာလအတွင်း မြန်မာ – ထိုင်း နယ်စပ်ကုန်သွယ်မှုမှ ကန်ဒေါ်လာ ၄ ဒသမ ၀၆ ဘီလီယံကျော်ရရှိထား

0
141

ယခုဘဏ္ဍာနှစ်ဖြစ်သည့် ဧပြီလမှ ဖေဖော်ဝါရီ (၂၃) အထိ မြန်မာ – ထိုင်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၀၆ ဘီလီယံကျော် ဆောင်ရွက်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ တွေ့ရသည်။

အဆိုပါ ကာလအတွင်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုတွင် မြန်မာနိုင်ငံဘက်ခြမ်းမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၆ ဘီလီယံ ပမာဏရှိသည့် ပို့ကုန်များ တင်ပို့ထားရှိပြီး ထိုင်းနိုင်ငံဘက်ခြမ်းမှ ကန်ဒေါ်လာ ၁ ဒသမ ၂၀ ဘီလီယံ ပမာဏရှိ ကုန်ပစ္စည်းများ ပြန်လည်တင်သွင်းထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကာလတူတွင် နှစ်နိုင်ငံကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၄ ဒသမ ၉၀ ဘီလီယံကျော်ရရှိထားပြီး နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၈၄၂  ဒသမ ၈၄၈ သန်း ပမာဏခန့် လျော့ကျသွားကြောင်း သိရသည်။

မြန်မာ – ထိုင်းနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုအနေဖြင့် တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင်၊ မယ်စဲ့ စသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်မှုပြုလုပ်နေပြီး ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ အများဆုံး ကုန်သွယ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ တင်ပို့သည့် ကုန်စည်များထဲတွင် CMP ၊ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများသည် အဓိက ပို့ကုန်အမယ်များဖြစ်ပြီး ထိုင်းနိုင်ငံဘက်ခြမ်းမှ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ၊ စက်နှင့် စက်အပိုပစ္စည်းများ၊ ဆေးဝါး၊ စက်ရုံသုံး ကုန်ကြမ်းပစ္စည်းများ၊ ဓာတ်မြေသြဇာ၊ စားသောက်ကုန်ပစ္စည်း၊ အလှကုန်များနှင့် လျှပ်စစ်ပစ္စည်းများ အစရှိသည့် ကုန်စည်အမယ်များ ပြန်လည်တင်သွင်းလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here