သာစည်မြို့နယ်တွင် မောင်းနှင်လာသည့် ယာဉ်အား စစ်ဆေးရာမှ ငွေကျပ် ၅၈၅၀ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

0
177

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် အမျိုးသား (၂) ဦး လိုက်ပါ မောင်းနှင်လာသည့် မော်တော်ယာဉ် တစ်စီးအား စစ်ဆေးရာမှ ငွေကျပ် ၅၈၅၀ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ သိရသည်။

သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် မတ်လ (၁) ရက် ည(၉)နာရီခွဲအချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်သည်။ 

ထိုသို့ စစ်ဆေးစဉ် သစ်လွင်ထူး(ခ)သက်မောင်ထွန်း(ခ)သက်မောင်(ခ)အရုပ် မောင်းနှင်ပြီး စိုင်းသီဟ လိုက်ပါလာသည့် TOYOTA WISH အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၃၉၀၀၀၀ ပြား (ဒေသကာလ ပေါက်ဈေး တန်ဖိုးငွေကျပ် ၅၈၅၀ သိန်း)နှင့် လက်ကိုင်ဖုန်း (၃)လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သစ်လွင်ထူး (ခ) သက်မောင်ထွန်း (ခ) သက်မောင် (ခ) အရုပ်(၃၈)နှစ် နှင့် စိုင်းသီဟ(၄၀)နှစ်တို့အား သာစည်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း ထုတ်ပြန်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here