ACI အစီစဥ်ဖြင့် Gujranwala မြို့ ခရီးစဉ်တွင် မြန်မာသံရုံး ယာယီတာဝန်ခံက စီးပွားရေး ရင်းနှီးမြှုပ်နှံနိုင်မှုများပြောကြား

0
127

ASEAN Committee in Islamabad (ACI) မှ Gujranwala မြို့သို့ သွားရောက်သည့် ခရီးစဉ်တွင် မြန်မာသံရုံးယာယီတာဝန်ခံ ပါဝင်တက်ရောက်ပြီး စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ တိုးမြှင့်ရန် အစည်းအဝေးတစ်ရပ်ကိုလည်း တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်သည်။

ACIမှ အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်သံအမတ်ကြီး Mrs. Maria Agens M.Cervantes ဦးဆောင်သည့် အာဆီယံသံရုံးအကြီးအဲများနှင့် ACI လုပ်ငန်း ကော်မတီအဖွဲ့ဝင်များမှ မတ်လ (၁) ရက်နှင့် (၂) ရက်အထိ Gujranwala မြို့သို့ သွားရောက်လေ့လာသည့် ခရီးစဉ်တွင် မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ/ သံ မှူးကြီး ဦးအောင်ကျော်သူရ ပါဝင်ခဲ့ခြင်းဖြစ်သည်။

ခရီးစဉ်အတွင်း Gujranwala မြို့ရှိ Gujranwala Business Council နှင့် Gujranwala Chamber of Commerce အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ တိုးမြှင့်ရန် အစည်းအဝေးတစ်ရပ်ကို Meridian Hotel ၌ ကျင်းပခဲ့ကြောင်း သိရသည်။ 

ထိုသို့ကျင်းပရာ Gujranwala Business Council ၏ ဥက္ကဋ္ဌ Mr. Ahmad Ikram Lone နှင့် ACI အလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ သံအမတ်ကြီးတို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘရူနိုင်းနိုင်ငံတို့မှ သံအမတ်ကြီးများနှင့် အင်ဒိုနီးရှား၊ မြန်မာ၊ မလေးရှားနိုင်ငံများမှ သံရုံးယာယီ တာဝန်ခံများမှ ရင်းနှီးမြှုပ်နှံနိုင်မည့် အလားအလာများ၊ အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အစည်းအဝေး ဒုတိယနေ့တွင် ကုမ္ပဏီစက်ရုံများသို့ သွားရောက်ပြီး ထုတ်လုပ်မှုအဆင့်ဆင့် လေ့လာ ကြည့်ရှုခြင်း၊ Gujranwala Business Council ၌ ကုမ္ပဏီများမှ ခင်းကျင်းပြသထားသည့် ပြခန်းများ ကြည့်ရှုခြင်း၊ Gujranwala Chamber of Commerce and Industry ၌ ကုန်သည်ကြီးများအသင်း တာဝန်ရှိသူများနှင့် ရင်းနှီးမြှုပ်နှံမှု အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

ညနေပိုင်းတွင် ပြည်သူပိုင်ပြုလုပ်ရေးကော်မရှင် ဥက္ကဋ္ဌ၊ စီးပွားရေး၊ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဟောင်း Mr. Khurram Dastagir Khan နှင့် တွေ့ဆုံသည့် အစီအစဉ်သို့ ဆက်လက်တက်ရောက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here