တင်းမာမှုတွေ ရှိနေချိန် မော်လဒိုက်နိုင်ငံအနီး ရေတပ်စခန်းတည်ဆောက်မည်ဟု အိန္ဒိယ ကြေညာ

0
285

နိုင်ငံရဲ့ အနောက်တောင်ပိုင်း ကမ်းရိုးတန်း ကမ်းလွန်၊ မော်လဒိုက်နိုင်ငံနဲ့ အနီးမှာ ရေတပ်အခြေစိုက်စခန်းသစ် တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ အိန္ဒိယက ကြေညာလိုက်ပါတယ်။ ဒေလီနဲ့ ကျွန်းနိုင်ငံ မော်လဒိုက်အကြား လက်ရှိမှာ တင်းမာမှုမြင့်တက်နေခဲ့တာဖြစ်ပါတယ်။

Lakshadweep ကျွန်းစုရဲ့ တောင်ဘက်စွန်း ကျွန်းတစ်ခုဖြစ်တဲ့ Minicoy ပေါ်မှာ INS Jatayu အမည်ရှိ အခြေစိုက်စခန်းတည်ဆောက်ဖို့ စီစဉ်နေကြောင်း အိန္ဒိယရေတပ်က စနေနေ့မှာ ပြောဆိုခဲ့တာပါ။ အိန္ဒိယရဲ့ Lakshadweep ကျွန်းစုဟာ မော်လဒိုက်နိုင်ငံမြောက်ဖက် မိုင် ၈၀ အကွာမှာ တည်ရှိတာဖြစ်ပါတယ်။ ရေတပ်စခန်းတည်ဆောင်မယ့် အစီအစဉ် အသေးစိတ်ကို ဗုဒ္ဓဟူးနေ့(မတ် ၆) မှာ လူသိရှင်ကြား ထုတ်ပြန်သွားမှဖြစ်ကြောင်း ရေတပ်က ပြောဆိုပါတယ်။

ဒီရေတပ်စခန်းဟာ စစ်ဆင်ရေးလက်လှမ်းမီမှုကို တိုးမြှင့်ပေးမှာဖြစ်ပြီး အနောက်အာရေဗျပင်လယ်ရှိ  အိန္ဒိယရေတပ်ရဲ့ ပင်လယ်ဓါးပြတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးနှိမ်နင်းရေးဆိုင်ရာ စစ်ဆင်ရေးများကို ပိုမိုလွယ်ကူချောမွေ့စေမှာဖြစ်သလို ဒေသတွင်းအရေးအရာတွေမှာ ပထမဆုံးတုန့်ပြန်သူအဖြစ် အိန္ဒိယရေတပ်ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးမှာဖြစ်ကာ ပြည်မကြီးနဲ့ ချိတ်ဆက်မှုတွေ တိုးလာမှာလည်းဖြစ်ကြောင်း ရေတပ်ရဲ့ ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အဆိုပါအခြေစိုက်စခန်းဟာ မဟာဗျူဟာ အရေးပါတဲ့ ကျွန်းတွေပေါ်မှာ လုံခြုံရေးဆိုင်ရာ အခြေခံအဆောက်အအုံတွေ တိုးမြှင့်ရေး မူဝါဒရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့လည်း ရေတပ်က ဆိုပါတယ်။

မော်လဒိုက်နိုင်ငံမှာ သမ္မတ မိုဟာမက် မူရစ်ဇူ ပြီးခဲ့တဲ့နှစ်မှာ အာဏာရလာခဲ့ချိန်ကစလို့ အိန္ဒိယနဲ့ မော်လဒိုက်အကြား တင်းမာမှုတွေ ရှိလာခဲ့ပါတယ်။

ဝန်ကြီးချုပ်ရာထူးရယူပြီးနောက် မူရစ်ဇူဟာ အိန္ဒိယထက် တရုတ်ကို ဦးစားပေး သွားရောက်ခဲ့ပါတယ်။ မော်လဒိုက်ရဲ့ သေးငယ်တဲ့အရွယ်အစားဟာ နိုင်ငံကို ဘယ်သူတစ်ဦးတစ်ယောက်မျှ အနိုင်ကျင့်ဖို့ လိုင်စင်တစ်ခု မဟုတ်ကြောင်း သူက ပြောဆိုခဲ့ပါတယ်။ ဒါဟာ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီကို မော်လဒိုက် ဒု-ဝန်ကြီးသုံးဦးက ကဲ့ရဲ့ရှုတ်ချမှုတွေ လုပ်ခဲ့ပြီးနောက် ခရီးသွားတွေ မော်လဒိုက်ကို သပိတ်မှောက်ကြဖို့ အိန္ဒိယ ဆိုရှယ်မီဒီယာတွေပေါ်မှာ တိုက်တွန်းမှုတွေလုပ်ခဲ့တာကို သူက တုန့်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။

Ref; abc News


LEAVE A REPLY

Please enter your comment!
Please enter your name here