ယခုနှစ်တွင် မြန်မာနိုင်ငံတစ်ဝန်းမှ လူပေါင်း ၁၈သန်းခွဲ မှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ လိုအပ်နေ

0
140

၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူပေါင်း ၁၈ ဒသမ ၆ သန်းက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ လိုအပ်လျက်ရှိကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)က ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။

ထို့ကြောင့် အခြေခံလိုအပ်ချက်များ ပြည့်မီနိုင်စွမ်းကို ထိခိုက်သည့် ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်း၊ ပဋိပက္ခနှင့် မလုံခြုံမှုများ၊ အရပ်သား ဘေးကင်းလုံခြုံရေးနှင့် အကာအကွယ်ရရှိမှု အန္တရာယ်များကြားတွင် ရှင်သန်နိုင်ရန် ရုန်းကန်နေရဆဲဖြစ်သည်ဟု မတ်လ (၃)ရက်က ထွက်ရှိသည့် United Nations OCHA Myanmar ၏ နောက်ဆုံးထုတ် လူသားချင်းစာနာမှုဆိုင်ရာ သတင်းလွှာတွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်၊ နိုင်ငံအနောက်မြောက်ပိုင်း၊ အရှေ့တောင်ပိုင်းတို့တွင် ဆိုးရွားသော အခြေအနေများဖြင့် နိုင်ငံတစ်ဝန်းရှိ နေရာအနှံ့အပြား၌ ပဋိပက္ခများ ပျံ့နှံ့ဖြစ်ပွားလျက်ရှိသောကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်ရမှုများ ဖြစ်ပွားနေဆဲဖြစ်ရာ နိုင်ငံတစ်ဝန်းတွင် လူပေါင်း ၂ ဒသမ ၇ သန်းကျော် အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေကြရဆဲဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

၂၀၂၃ ခုနှစ်တွင် အနည်းဆုံး လူဦးရေ ၃ ဒသမ ၂ သန်းကို အကူအညီများ ပံ့ပိုးနိုင်ခဲ့သော်လည်း အဆိုပါ ပံ့ပိုးမှုများသည် ရန်ပုံငွေ မပြည့်မှီမှုနှင့် ဝင်ရောက်ကူညီခွင့် ကန့်သတ်ချက်များကြောင့် နဂိုမူလစီစဉ်ထားသည့်အတိုင်း နက်ရှိုင်းပြည့်ဝအောင်ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြောင်း UNOCHAက ဆိုသည်။

၂၀၂၄ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်နှင့် တုံ့ပြန်ဆောင်ရွက်ရေး အစီအစဉ် (HNRP) အရ လူမှုကရုဏာလုပ်သားများသည် လူဦးရေ ၅ ဒသမ ၃ သန်းကို ဦးတည်ပြီး လူမှုကယ်ဆယ်ရေးအကူအညီများ ပံ့ပိုးရန်ရည်ရွယ်ထားပြီး အဆိုပါ အရေးပေါ်လုပ်ငန်းများ ဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ ၉၉၄ သန်း လိုအပ်ကြောင်းလည်း အသိပေးထားသည်။

၂၀၂၃ ခုနှစ်တွင် ရရှိခဲ့သော ရန်ပုံငွေပမာဏာ (လိုအပ်သော ရန်ပုံငွေ၏ ၃၇ ရာခိုင်နှုန်းသာ ရရှိခဲ့သည်) အတိုင်းသာ ၂၀၂၄ ခုနှစ်တွင် ရရှိပါက ဘေးဒဏ်သင့်ပြည်သူများအတွက်အခက်အခဲများ ဖြစ်စေမည်ဟုလည်း ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here