တောင်ကိုရီးယား-အမေရိကန် စစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယား ရှုတ်ချခဲ့ပြီး အကျိုးဆက်များ ရှိလာမည်ဟု သတိပေး

0
178

စစ်ရေးလေ့ကျင့်မှုတွေကို ရပ်တန့်ဖို့ တောင်ကိုရီးယားနဲ့ အမေရိကန်ကို မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဋ္ဌာနက တိုက်တွန်းလိုက်ပြီး ၎င်းတို့တွေဟာ စစ်ပွဲ အကြိုပြင်ဆင်ဇာတ်တိုက်နေခြင်းဖြစ်ကြောင်းနဲ့ ဒီအတွက် အကျိုးဆက်တွေ ရှိလာမှာဖြစ်ကြောင်း သတိပေးခဲ့တယ်လို့ KCNA သတင်းဋ္ဌာနက အင်္ဂါနေ့(မတ် ၅) မှာ ဖော်ပြခဲ့ပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ နှစ်စဉ်ပြုလုပ်နေကြ နွေဦး စစ်ရေးလေ့ကျင့်မှုကို တနင်္လာနေ့မှာ စတင်ခဲ့ကြပြီး ယခင်နှစ်ကထက် တပ်ဖွဲ့ဝင်အရေအတွက် နှစ်ဆပိုပါဝင်လေ့ကျင့်နေတာဖြစ်ကာ မြောက်ကိုရီးယားရဲ့ တိုးမြင့်လာတဲ့ နျူကလီးယားနဲ့ ဒုံးကျည် ခြိမ်းခြောက်မှုတွေအပေါ် ၎င်းတို့ရဲ့ တန်ပြန်နိုင်မှုမြှင့်တင်ဖို့ ကြိုးပမ်းနေကြပါတယ်။

အဆင်ခြင်မဲ့ စစ်ရေးလေ့ကျင့်မှုတွေကို အပြင်းအထန်ရှုတ်ချကြောင်း နဲ့ ရပ်တန့်ဖို့ ၎င်းတို့ကို တိုက်တွန်းကြောင်း မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနမှ အမည်မဖော်လိုတဲ့ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ပြောဆိုတယ်လို့ KCNA က ဖော်ပြခဲ့ပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့အနေနဲ့ ၎င်းတို့ရဲ့ မှားယွင်းတဲ့ ရွေးချယ်မှုတွေအတွက် တန်ဖိုးကြီးကြီး ပေးဆပ်ရမှာဖြစ်ကြောင်း ယင်းအရာရှိက ဆက်လက်ပြောဆိုပြီး မတည်ငြိမ်တဲ့ လုံခြုံရေးပတ်ဝန်းကျင်ကို ခိုင်ခိုင်မာမာ ထိန်းချုပ်ဖို့အတွက် စစ်ရေးလှုပ်ရှားမှုတွေလုပ်ဆောင်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဋ္ဌာနကတော့ မြောက်ကိုရီးယားရဲ့ ထုတ်ပြန်ချက်ကို ပယ်ချခဲ့ပြီး စစ်ရေးလေ့ကျင့်မှုဟာ ကာကွယ်ရေးအတွက်သာဖြစ်ပြီး မြောက်ကိုရီးယားရဲ့ ရန်လိုမှု၊ ရန်စမှုတွေကို ခုခံကာကွယ်ရေးအတွက် ရည်ရွယ်တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

Arab News


LEAVE A REPLY

Please enter your comment!
Please enter your name here