ထောင်ဖောက်မှုဖြစ်ပြီးနောက်
ဟေတီမှာ အကြမ်းဖက်မှုတွေ ပြင်းထန်ဆိုးရွားလာနိုင်ခြေရှိ၍ အိမ်နီးချင်းနိုင်ငံတွေ ပြင်ဆင်လာ

0
110

ဟေတီနိုင်ငံမှာ ဂိုဏ်းဂဏပဋိပက္ခတွေနဲ့ တိုက်ခိုက်မှုတွေ ပြင်းထန်လာတာကြောင့် အိမ်နီးချင်းနိုင်ငံတွေဟာ တနင်္လာနေ့မှာ ၎င်းတို့နယ်စပ် ကာကွယ်ရေးအစီအမံတွေကို တင်းတင်းကြပ်ကြပ်လုပ်လာကြသလို သက်ဆိုင်ရာ သံရုံးဝန်ထမ်းတွေကို ပြန်လည်ခေါ်ဆောင်တာတွေလည်း လုပ်လာကြောင်း သိရပါတယ်။

လက်နက်ကိုင်အမျိုးသားတွေက မြို့တော်ရှိ အကျဉ်းထောင်ကြီးတစ်ခုကို စီးနင်းကာ ထောင်နဲ့ချီတဲ့အကျဉ်းသားတွေကို လွတ်မြောက်စေခဲ့သလို ဝန်ကြီးချုပ် အေရီရယ် ဟင်နရီ ရာထူးကဆင်းပေးဖို့ လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ဦးက တောင်းဆိုခဲ့ပြီးနောက် ဟေတီအစိုးရက တနင်္ဂနွေနေ့မှာ ၇၂ နာရီကြာ အရေးပေါ်အခြေအနေ ကြေညာကာ ညမထွက်ရ အမိန့် ထုတ်ပြန်ခဲ့ပါတယ်။

Hispaniola ကျွန်းကို ဟေတီနဲ့ မျှဝေပိုင်ဆိုင်ထားတဲ့ ဒိုမီနီကန်သမ္မတနိုင်ငံ ကာကွယ်ရေးဝန်ကြီးဟာ နယ်စပ်ခြံစည်းရိုး တည်ဆောက်ပြီးစီးမှုအခြေအနေကို ကြီးကြပ်ဖို့ သွားရောက်ခဲ့သလို သမ္မတကလည်း ဟေတီနိုင်ငံသားတွေအတွက် ဒုက္ခသည်စခန်းတွေဖွင့်ရေးကို တားမြစ်ခဲ့ကြောင်း သိရပါတယ်။ ဒိုမီနီကန်ဟာ ပြီးခဲ့တဲ့နှစ်က ဟေတီနိုင်ငံသား ထောင်ပေါင်းများစွာကို ပြည်နှင်ဒဏ်ပေးထားခဲ့တာလည်းဖြစ်ပါတယ်။

နိုင်ငံအတွင်း ဝန်ကြီးချုပ် ဟင်နရီမရှိချိန်မှာ အကြမ်းဖက်မှုတွေ ပြင်းထန်လာတာဖြစ်ပါတယ်။ အင်အားကြီး လူဆိုးဂိုဏ်းတွေကို တိုက်ခိုက်နှိမ်နင်းရာမှာ နိုင်ငံတကာတပ်ဖွဲ့က ဦးဆောင်ပေးရေး သဘောတူစာချုပ်တစ်ခုရနိုင်ဖို့အတွက် ကင်ညာနိုင်ငံကို ဝန်ကြီးချုပ် ထွက်ခွာသွားပြီးနောက် သူ ဘယ်မှာရှိနေတယ်ဆိုတာနဲ့ပတ်သက်ပြီး သံသယတွေ မြင့်တက်နေတာလည်းဖြစ်ပါတယ်။

နေ့ခင်းဘက်မှာ မြို့တော် ပို့အော်ပရင့်စ်ရဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပစ်ခတ်မှုတွေဖြစ်ပေါ်ခဲ့တယ်လို့ လေဆိပ်အာဏာပိုင်တွေက ပြောဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုက သူ့နိုင်ငံသားတွေကို ဟေတီကနေ တတ်နိုင်သမျှ အမြန်ဆုံးထွက်ခွာကြဖို့ တိုက်တွန်းပါတယ်။ ဟင်နရီဟာ ဟေတီကို ပြန်လာနေပြီလို့ ယုံကြည်ရကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း ပြောဆိုခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ဘရာဇီးနိုင်ငံက ဟေတီကို နိုင်ငံစုံတပ်ဖွဲ့တွေ စေလွှတ်ရေး ကုလသမဂ္ဂဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ကြဖို့ နိုင်ငံတကာ အသိုက်အဝန်းကို တောင်းဆိုပါတယ်။ အိမ်နီးချင်း ဘဟားမားစ်နိုင်ငံက သံရုံးတာဝန်ခံနဲ့ လုံခြုံရေးနှစ်ဦးကို ချန်ထားကာ သံရုံးဝန်ထမ်းအားလုံးကို New Providence သို့ ပြန်ခေါ်ခဲ့သလို မက္ကဆီကိုကလည်း ဟေတီရောက် သူ့ နိုင်ငံသားတွေအနေနဲ့ ခရီးထွက်တာတွေ မလုပ်ကြဖို့၊ ရေ၊ လောင်စာဆီနဲ့ တာရှည်ခံအစားစာတွေကို သိုလှောင်ထားဖို့ တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here