စက်မှုကုန်ချောတင်ပို့မှုမှ ကန်ဒေါ်လာ ၈ ဘီလီယံကျော်ရရှိထား

0
172

၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလ (၁) ရက်မှ ၂၀၂၄ ခုနှစ်ဖေဖော်ဝါရီလ (၂၃) ရက်အထိ ပြည်ပသို့ စက်မှုကုန်ချောတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈ ဒဿမ ၁၂ ဘီလီယံကျော်ရရှိထားကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ထိုပို့ကုန်ရ‌ငွေ ပမာဏမှာ ပြီးခဲ့သည့်နှစ် ကာလတူ နှင့် နှိင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၆ ဘီလီယံကျော်လျော့ကျနေကြောင်းလည်း အဆိုပါ စာရင်းများအရ သိရသည်။

ပြည်ပသို့ ပုဂ္ဂလိကကဏ္ဍမှ စက်မှုကုန်ချောတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၅ ဒဿမ ၁၀ ဘီလီယံကျော်နှင့် နိုင်ငံပိုင်ကဏ္ဍတင်ပို့မှုမှ ကန်ဒေါ်လာ ၃ ဒဿမ ၀၁ ဘီလီယံကျော် ရရှိခဲ့ခြင်းဖြစ်သည်။

စက်မှုကုန်ချောတင်ပို့မှုတွင် ချုပ်ပြီးအထည် တင်ပို့မှု၊ သကြား၊ သဘာဝဓာတ်ငွေ့နှင့် အခြားစက်မှုကုန်ကြမ်းပစ္စည်းများကို တင်ပို့လျက်ရှိကြောင်း သိရသည်။

ပြည်ပသို့ မြန်မာနိုင်ငံမှ လယ်ယာထွက်ပစ္စည်း၊ တိရိစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချောပစ္စည်းနှင့် အခြားပစ္စည်းတွေကို တင်ပို့နေပြီး စက်မှုကုန်ချောတင်ပို့မှုမှ အများဆုံး ပို့ကုန်ဝင်ငွေ ရရှိထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ အဓိက ပြည်ပပို့ကုန် (၁၀) မျိုးတွင် စက်မှုကုန်ချောတစ်ခုဖြစ်သည့် ချုပ်ပြီး အထည်တင်ပို့မှုသည် ပထမနေရာတွင် ရှိနေပြီး အခြားစက်မှု ကုန်ချောပစ္စည်းများဖြစ်သည့် သကြား၊ လက်ဝတ်ရတနာ၊ သဘာဝဓာတ်ငွေ့အစရှိသည့် ကုန်ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here