မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးပို့ရေး အာဆီယံကာကွယ်ရေးဝန်ကြီးများဆွေးနွေး

0
188

လွမ်ပရာဘန်၊မတ် ၅

အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ကာကွယ်ရေးဝန်ကြီးများသည် လာအိုနိုင်ငံ၊လွမ်ပရာဘန်မြို့၌ မတ်လ ၅ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ၏လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများကိုပါထည့်သွင်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။

မြန်မာနိုင်ငံအတွင်း လွန်ခဲ့သည့်သုံးနှစ်ကဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခအခြေအနေများကို မထိန်းသိမ်းနိုင်ခဲ့သ ကဲ့သို့ငြိမ်းချမ်းရေးပြန်လည်တည်ဆောက်ရာတွင်လည်း တိုးတက်မှုအနည်းငယ်သာရှိခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခက်အခဲများဖြစ်ပေါ်လာရခြင်းလည်းဖြစ်သည်။

မတ်လ ၃ ရက်နေ့ကထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး၏ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရှိ ပြည်သူ ၁၈ ဒသမ ၆ သန်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများလိုအပ်နေကြောင်းဖော်ပြခဲ့သည်။

ယင်းအစည်းအဝေးသို့ မြန်မာဘက်မှ အထူးကိုယ်စားလှယ်တစ်ဦးလည်းတက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ဒေသကာကွယ်ရေးမူဘောင်များဆောင်ရွက်မှုများ၌ ပြန်လည်ပါဝင်ဆောင်ရွက်လာသည်။

ထို့ပြင်မြန်မာနိုင်ငံမှကိုယ်စားလှယ်များသည် ဇန်နဝါရီလကကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့လည်းတက်ရောက်ခဲ့ပြီး အာဆီယံအသိုက်အဝန်း၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများအား ထိုင်းနယ်စပ်ကိုဖြတ်၍ မြန်မာသို့ပို့ဆောင်ရန်လည်း ဆွေးနွေးခဲ့ကြသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ထိုင်းအာဏာပိုင်များသည် အထောက်အကူပစ္စည်းများပေးပို့ရန် သင့်လျော်သည့်ဂိတ်များတည်ဆောက်ရန်အတွက် ထိုင်းနိုင်ငံ၊မဲဆောက်မြို့သို့သွားရောက်စစ်ဆေးခဲ့သေးသည်ဟုလည်းသိရသည်။ အာဆီယံမှပေးပို့မည့် အကူအညီများတွင် အဓိကလိုအပ်ချက်များဖြစ်သည့် ဆေးဝါးနှင့်အခြားလိုအပ်သည်များကို ထောက်ပံ့သွားမည်ဟုလည်းမျှော်လင့်ရသည်။

ထို့နောက် အာဆီယံကာကွယ်ရေးဝန်ကြီးများသည် အာဆီယံဘုံသဘောတူညီချက်ငါးရပ်ဖြစ်သည့် မြန်မာနိုင်ငံတွင်းအကြမ်းဖက်မှုများအား ချက်ချင်းရပ်တန့်ရန်၊ပဋိပက္ခ၌ပါဝင်သည့် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး အပြုသဘောဆောင်သည့်ဆွေးနွေးမှုများပြုလုပ်ရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အဆင်ပြေပြေအကောင်အထည်ဖော်နိုင်ရန် ၎င်းတို့ထံသို့ အာဆီယံအထူးကိုယ်စားလှယ်စေလွှတ်ရေး၊ မြန်မာသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးပို့ရေးအပါအဝင် မြန်မာနိုင်ငံတွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန်အတွက် မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်တစ်ဦးစေလွှတ်ရေးတို့ကိုပါ ထပ်မံတိုက်တွန်းခဲ့သည်ဟုလည်းသိရသည်။

Source : နစ်ကေးအေးရှား


LEAVE A REPLY

Please enter your comment!
Please enter your name here