အမေရိကန်တပ်များ ယူကရိန်းသို့ စေလွှတ်မည် မဟုတ်ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူဆို

0
174

ယူကရိန်းတွင် သွားရောက် တိုက်ခိုက်ရန်အတွက် အမေရိကန် တပ်ဖွဲ့ဝင်များ စေလွှတ်မည် မဟုတ်ဟု အမေရိကန် အမျိုးသား လုံခြုံရေး ကောင်စီ မဟာဗျူဟာ ဆက်သွယ်ရေး ညှိနှိုင်းရေးမှူးလည်းဖြစ်ပြီး အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သည့် ဂျွန်ကီယာဘီက ပြောကြားသည်။

“ပြင်သစ် သမ္မတ မက်ခရွန်ရဲ့ စကားကို နောက်ကလိုက်ပြီး ပြောတာ မဟုတ်ပါဘူး၊ ကျွန်တော် ဆိုလိုတာက သူ့မှာလဲ သူ့အမြင်နဲ့ သူပြောနိုင်တဲ့ အခွင့်အရေး နဲ့ စွမ်းရည် အားလုံးရှိကြပါတယ်။ ကျွန်တော် ရည်ညွှန်းတာကတော့ စစ်ဦးစီးချုပ် သမ္မတ ဂျိုးဘိုင်ဒန်ကို ညွှန်းဆိုတာပါ” ဂျွန်ကီယာဘီက ဆိုသည်။

ရုရှား-ယူကရိန်း ပဋိပက္ခအစကတည်းကပင်လျှင် “ယူကရိန်း မြေပြင်တိုက်ပွဲများတွင်အမေရိကန်တပ်ဖွဲ့များ ပါလာမည်မဟုတ်” ဟု ဘိုင်ဒင်က အလွန်ရှင်းလင်းစွာဆိုခဲ့ပြီးဖြစ်ကြောင်း ကီယာဘီကပြောသည်။

ဖေဖော်ဝါရီ ၂၆ ရက်က ပြင်သစ်သမ္မတ အင်မန်နျူယယ်မိုက်ခရွန်နှင့် အနောက်နိုင်ငံ ၂၀ ခန့်မှ ကိုယ်စားလှယ်များသည် ရုရှားနှင့် ပဋိပက္ခဖြစ်ပွားနေသော ယူကရိန်းအတွက် နောက်ထပ်အကူအညီများနှင့်ပတ်သက်၍ ပါရီမြို့တွင် ဆွေးနွေးခဲ့ကြရာ ဆွေးနွေးမှုအပြီးတွင် တက်ရောက်ကြသော ကိုယ်စားလှယ်များသည် ယူကရိန်းသို့ တပ်ဖွဲ့ဝင်များ စေလွှတ်ရန် အစီအစဉ်မရှိကြောင်းနှင့် ရုရှားနိုင်ငံအပေါ် ရန်လိုမှုများတွင် ပါဝင်ခြင်းကိုလည်း ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ယူကရိန်းအတွက် လက်နက်များထောက်ပံ့ရန်အသုံးပြုမည့် ဒေါ်လာ ၁၈ သန်းအား ဥရောပငြိမ်းချမ်းရေး အဆောက်အအုံ(European Peace Facility)သို လွှဲပြောင်းပေးရန်ကို ဟန်ဂေရီအစိုးရက ငြင်းဆိုခဲ့ပြီး၊ ယင်းအစား အာဖရိကရှိ ချဒ်(Chad)နိုင်ငံ၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန်အတွက်သာလျှင် အသုံးပြုသွားမည်ဖြစ်ကြောင်း ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး Peter Szijjarto ကလည်း မကြာသေးမီက ပြောကြားခဲ့သည်။

နေတိုးစစ်မဟာမိတ်အဖွဲ့ အထွေထွေအတွင်းရေးမှူး Jens Stoltenberg က အေပီသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းရာတွင် နေတိုးစစ်မဟာမိတ်အဖွဲ့သည် ယူကရိန်းသို့ ၎င်း၏ တပ်ဖွဲ့ဝင်များစေလွှတ်ရန် အစီအစဉ်မရှိကြောင်း ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here