မဟာဓာတ်အားလိုင်းပြင်ပစနစ် ကျေးလက်မီးလင်းရေးလုပ်ငန်းများ ၃၉ ရာခိုင်နှုန်းလွှမ်းခြုံမှုရှိလာ

0
141

မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် ကျေးလက်မီးလင်းရေးဆောင်ရွက်နေ

မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် ကျေးလက်မီးလင်းရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၏ ပြောကြားချက်အရ သိရသည်။

ယမန်နေ့ မတ်လ(၅) ရက်က နေပြည်တော်ရှိ Grand Amara Hotel တွင် ပြုလုပ်သည့်ဆိုလာအသေးစား ဓာတ်အားပေးစနစ် အဓိကအခြေပြုပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ အသိပညာမျှဝေခြင်း အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှု ကွာဟချက် ကျဉ်းမြောင်းစေရေးတွင် အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်သည့် လျှပ်စစ် မီးလင်းရေးကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ပြန်ပြည့်မြဲစွမ်းအင်အရင်းအမြစ်များကို အသုံးပြုပြီး မဟာဓာတ်အားလိုင်းပြင်ပ လျှပ်စစ်မီးလင်းရေးလုပ်ငန်းများကို ကာလတို၊ ကာလရှည်စီမံချက်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်လုံးလျှပ်စစ်ဓာတ်အား ရရှိရေး ရည်မှန်းချက်ဖြင့် မဟာဓာတ်အားလိုင်းနှင့် (၁၀) မိုင်အထက်ဝေးကွာသော၊ နောင် (၁၀) နှစ်၊ (၁၅) နှစ်အတွင်း မဟာဓာတ် အားလိုင်းမှ လျှပ်စစ်ဓာတ်အား မရရှိနိုင်သော ကျေးရွာများ လျှပ်စစ်ဓာတ်အား ရရှိစေရေးအတွက် မဟာဓာတ်အားလိုင်းပြင်ပစနစ် ကျေးလက်မီးလင်းရေးလုပ်ငန်းများကို အိမ်သုံးဆိုလာစနစ်၊ ပြန်ပြည့်မြဲစွမ်းအင်အသုံးပြုအသေးစားဓာတ် အားစနစ်များဖြင့် ၂၀၁၆ -၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ယခုဘဏ္ဍာရေးနှစ်အထိ အိမ်သုံးဆိုလာစနစ်ဖြင့် ကျေးရွာပေါင်း ၁၀၀၇၅ ရွာနှင့် အသေးစားဓာတ်အားစနစ် (Mini-Grid)ဖြင့် စီမံကိန်းကျေးရွာပေါင်း ၁၇၁ ရွာတွင် တပ်ဆင်စွမ်းအား ၄၈ ဒသမ ၉၀၈ မဂ္ဂါဝပ်ခန့်ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်၍ လူဦး ရေ ၂ ဒသမ ၅ သန်း အကျိုးပြုနိုင်ခဲ့ပါကြောင်း သိရသည်။

ယခုအခါ မဟာဓာတ်အားလိုင်း ပြင်ပဧရိယာ၏ ၃၉ ရာခိုင်နှုန်း လွှမ်းခြုံပေးနိုင်ခဲ့ကြောင်း၊ မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်သည့်အတွက် နိုင်ငံတော်ရန်ပုံငွေ တစ်ခုတည်းဖြင့်သာမက နိုင်ငံတကာဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သလို လက်ရှိတွင်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အထောက်အပံ့ဖြစ်သော မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် ကျေးလက်မီးလုပ်ငန်းများ အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here