ယူကရိန်း မဟာမိတ်တွေ သူရဲဘော မကြောင်ကြဖို့ ပြင်သစ်သမ္မတ တိုက်တွန်း

0
188

ရုရှား ကျူးကျော်မှုကို တွန်းလှန်နေတဲ့ နိုင်ငံအား ထောက်ပံ့ကူညီရာမှာ သူရဲဘောကြောင်ခြင်း မဖြစ်ကြဖို့ ယူကရိန်းရဲ့ မဟာမိတ်နိုင်ငံတွေကို ပြင်သစ်သမ္မတ အီမန်နျူမက်ခရွန်က အင်္ဂါနေ့မှာ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ယူကရိန်းသို့ အနောက်နိုင်ငံတပ်တွေ စေလွှတ်ချထားရေးကိစ္စ ပစ်ပယ်မထားဘူးဆိုတဲ့ ဥရောပတစ်လွှား လှုပ်ခတ်သွားစေသော ပြီးခဲ့တဲ့ သီတင်းပတ်က သူ့ရဲ့ အငြင်းပွားဖွယ်ရာ မှတ်ချက်တွေနဲ့ ပတ်သက်လို့လည်း သူ အပြည့်အဝရပ်တည်ကြောင်း သမ္မတက ဆက်လက် ပြောဆိုပါတယ်။

ဥရောပအတွက် အပြောင်းအလဲအခိုက်အတန့်တစ်ခု သေချာပေါက် နီးကပ်လာမှုမှာ မိမိတို့အနေနဲ့ သူရဲဘောကြောင်နေဖို့ မလိုကြောင်း ချက်သမ္မတနိုင်ငံ ခရီးစဉ်အတွင်း မက်ခရွန်က ပြောဆိုပါတယ်။ ယင်းခရီးစဉ်အတွင်း ယူကရိန်းအတွက် ဥရောပပြင်ပကနေ လက်နက်တွေ ဝယ်ယူထောက်ပံ့ရေးအစီအစဉ်တစ်ခုအတွက်လည်း သူက တွန်းအားပေးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်မှာ သူပြောခဲ့တဲ့ မှတ်ချက်တွေနဲ့ ပတ်သက်ပြီး မက်ခရွန်ရဲ့ ဥရောပ မဟာမိတ်အများစုကတော့ သူတို့အနေနဲ့ ယူကရိန်းကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တုန့်ပြန်ထားခဲ့ကြပါတယ်။

ယူကရိန်းအနေနဲ့ အနောက်နိုင်ငံတပ်တွေ ပေးပို့ရေး လုံး၀ တောင်းဆိုကြိုးပမ်းခဲ့ခြင်း မရှိဘူးလို့ အိမ်ဖြူတော်က အင်္ဂါနေ့မှာ ပြောဆိုပါတယ်။

သမ္မတ ဇယ်လင်စကီးအနေနဲ့ ဒီအတွက် တောင်းဆိုတာမျိုး မရှိဘဲ၊ လက်နက်ကိရိယာတွေ၊ စွမ်းဆောင်ရည်တွေတိုးမြှင့်ရေးအတွက်သာ တောင်းဆိုခဲ့ပြီး ပြည်ပတပ်တွေ သူ့နိုင်ငံအတွက် ဝင်တိုက်ပေးဖို့ ဘယ်တုန်းကမှ မပြောဆိုခဲ့ဘူးလို့ အိမ်ဖြူတော် အမျိုးသားလုံကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ဝါရှင်တန်မှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

Ref:CNA


LEAVE A REPLY

Please enter your comment!
Please enter your name here