အွန်လိုင်းမှတဆင့် ဈေးကွက်ရှာဖွေရေးနှင့် ခရီးသွားမြှင့်တင်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးတိုက်တွန်း

0
112

မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာအချက်အလက်များအား ခေတ်နှင့်လျော်ညီစွာ အွန်လိုင်းမှတဆင့် ဈေးကွက်ရှာဖွေရေးနှင့် ခရီးသွားမြှင့်တင်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် တိုက်တွန်းပြောကြားခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်ကပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းနှင့် စပ်လျဉ်းသောအချက်အလက်များ နိုင်ငံတကာခရီးသွားလုပ်ငန်းဆိုင်ရာ Website များတွင် ပိုမိုပါဝင်လာစေရေး ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများနှင့် ခရီးသွားဆွဲဆောင်မှုများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးနှင့် ဈေးကွက်ရှာဖွေရေး၊ ပြည်ပခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည် ပတ်စေရေးအတွက် နိုင်ငံတကာခရီးသွားလုပ်ငန်းဆိုင်ရာ Website များတွင် မြန်မာနိုင်ငံရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍပိုမိုပါဝင်လာခြင်းအားဖြင့် digital ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်လာစေရန် အစည်းအဝေးကို ယမန်နေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ခရီးသွားလုပ်ငန်းတွင် ဝန်ဆောင်မှုလုပ်ငန်းများ အပေါ် အခြေခံဆောင်ရွက်ပြီး နိုင်ငံတော်၏ နိုင်ငံခြားဝင်ငွေကို ရှာဖွေပေးနေသော ကဏ္ဍကြီးများအနက် တစ်ခုပင်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုမှာ ခရီးသွားဧည့်သည်များ ရောက်ရှိ လည်ပတ်မှုအခြေအနေနှင့် တိုက်ရိုက်သက် ဆိုင်မှုရှိကြောင်း ၊ ပြည်ပခရီးသွားဧည့်သည် ပိုမိုဝင်ရောက်လာစေရေးအတွက် အားလုံး ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

၂၀၂၃ ခုနှစ် ပြည်တွင်းခရီးသွား အရေအတွက်သည် ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက (၈၃%) ကျော် တိုးတက်လာကြောင်း၊ ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှု အနေနှင့် (၃၀%) ခန့်သာ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ပြည်တွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သကဲ့သို့ ပြည်ဝင် ခရီးသွားလုပ်ငန်း ပြန်လည်တိုးတက်လာရေးအတွက် ခရီးစဉ်ဒေသများကြော်ငြာခြင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းပုံရိပ် အမှတ်တံဆိပ်ကို ကမ္ဘာကပိုမိုသိရှိနိုင်စေရန် ဝိုင်းဝန်းကြိုးစားကြရမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ခရီးသွားမြှင့်တင်ရေးလုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်နိုင်စေရန် အစိုးရနှင့် ပုဂ္ဂလိက ကိုယ်စားလှယ်များပါဝင်သော ခရီးသွားလုပ်ငန်းဈေးကွက်ရှာဖွေရေးနှင့် မြှင့်တင်ရေး ဆိုင်ရာလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားလုပ်ငန်းကဏ္ဍရှိ အစိုးရ၊ ပုဂ္ဂလိက၊ ပညာရပ်အသိုင်းအဝိုင်းနယ်ပယ်ရှိသူအားလုံး ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ၎င်းကထပ်လောင်းပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here