ချောင်းသာကျေးရွာ၊ သဲဖြူကျွန်း ပင်လယ်ပြင်အတွင်း ငွေကျပ် ၅ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၆ သိန်းကျော် ဖမ်းဆီးရမိ

0
131

ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့နယ်၊ ချောင်းသာကျေးရွာအနီး သဲဖြူကျွန်း၏ အနောက်မြောက်ဘက် ရေမိုင် ၅ မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် ငွေကျပ် ၅ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၆ သိန်းကျော်ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

သဲဖြူကျွန်း ပင်လယ်ပြင်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ မတ်လ (၁) ရက် နေ့လယ် (၁၂) နာရီခွဲအချိန်က မသင်္ကာဖွယ် စက်လှေအား စစ်ဆေးခဲ့ရာ စက်လှေပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၅ ဒသမ ၂၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၆ ဒသမ ၂ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ကို စစ်ဆေးဖော်ထုတ်ချက်အရ မတ်လ(၁)ရက် ည နေ (၃) နာရီအချိန်၌ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ မောင်မောင်လေး(ခ)သိန်းဝင်းအား ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ အမှတ်(၂)ရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့အပြင် ယင်းနေ့ ညနေ (၅) နာရီအချိန်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ တင်ပို့ပေးခဲ့သူများဖြစ်သည့် ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့၊ သဇင်ကျေးရွာမှ ဝင်းသိန်းထွန်း(ခ)နေသူနှင့် လင်းထွန်းဟန်(ခ)သားပုတို့ (၂) ဦးအား စက်လှေတစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းလည်း သိရသည်။

လက်ရှိတွင် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here